ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း (၁၉) ကြိမ်မြောက် အာဆီယံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေး၊ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ဖိုရမ်တို့သို့ တက်ရောက်

နေပြည်တော်  ၂၆   အောက်တိုဘာ

စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ်ရုံး၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းနှင့်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိကျင်းပသည့် (၁၉) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့ အစည်းအကြီးအကဲများ အစည်းအဝေး၊ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ဖိုရမ်တို့သို့ တက်ရောက်ခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

အဆိုပါ(၁၉)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများအစည်းအဝေး၊ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ဖိုရမ်တို့တွင် ဖိလစ်ပိုင်သမ္မတနိုင်ငံ၌ ကျင်းပသည့် (၃၀)ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အာဆီယံ နိုင်ငံ့ခေါင်းဆောင်များမှ လက်မှတ်ရေးထိုးခဲ့သည့် “ASEAN Declaration on the Role of Civil Service as a Catalyst for Achieving ASEAN Community Vision 2025” ကြေညာချက်ပါ ကဏ္ဍ(၅)ခုအပေါ် သက်ဆိုင်ရာအာဆီယံအဖွဲ့ဝင်နိုင်ငံများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးအတည်ပြုခြင်း၊ အာဆီယံပြည်သူ့ဝန်ထမ်း တက္ကသိုလ်များကွန်ရက်ချိတ်ဆက် တည်ထောင်ရေး (ASEAN Network of Public Service Training Institute - PSTI) ၏ Term of Reference (ToR) နှင့် အဆိုပါကွန်ယက်၏ (၂၀၁၉-၂၀၂၀) ခုနှစ်အတွက် (၂)နှစ်တာကာလ Workplan တို့ကိုဆွေးနွေးခြင်း၊  ACCSM Workplan (2016-2020) နှင့် ACCSM+3 Workplan (2016-2020) တို့အတွက် အာဆီယံနှင့်အပေါင်းသုံးနိုင်ငံများအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ASEAN Sectoral Bodies များနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ (ASEAN Resource Centre)များ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေများ အသေးစိတ်ညှိနှိုင်း ဆွေးနွေးခြင်း၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ဖိုရမ်ကို “ပြည်သူ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုနှင့်အသွင်ကူးပြောင်းခြင်း -အာဆီယံနိုင်ငံများတွင် ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ တည်ထောင်ရေးဆီသို့၊ (Public Service Reform & Transformation: Towards Building Citizen-Centric Civil Services in ASEAN)” ခေါင်းစဉ်ဖြင့် အာဆီယံနှင့် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များက ပြည်သူကိုဝန်ဆောင်မှုပေးခြင်း၊ အနာဂတ်တွင် ကြုံ တွေ့လာနိုင်ဖွယ်ရှိသည့် အခက်အခဲများ ဖြစ်သောသက်ကြီး ရွယ်အိုဦးရေများပြားလာခြင်း၊ နည်းပညာဆိုင်ရာ နှောင့်ယှက်မှုများ၊ ဒစ်ဂျစ်တယ်စနစ် တိုးတက်ပြောင်းလဲမှုများနှင့်စပ်လျဉ်း၍ ယင်းတို့၏ အတွေ့အကြုံများကို မျှဝေဆွေးနွေးခြင်း၊ (၁၉)ကြိမ်မြောက် အာဆီယံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် စင်ကာပူသမ္မတ နိုင်ငံမှ ထိုင်းနိုင်ငံသို့ (၂၀)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

 

(သတင်းစဉ်)