ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၂၆

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော် သည် တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)သို့ ရောက်ရှိပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများအား အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်း လေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များမှာကြားသည်။

ယနေ့ နံနက် ၁၀ နာရီတွင် ရတနာသိင်္ဃခန်းမ၌ တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၊ ကာကွယ်ရေးပညာဌာနရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များသည် ဝန်ထမ်းအဖွဲ့အစည်းများရှိ အောက်ခြေဝန်ထမ်းများမှအစ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးအဆင့်ထိ အဆင့်ဆင့်သော ဝန်ထမ်းများအား ဝန်ထမ်းကောင်းများ ဖြစ်စေရေး၊ လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်နှင့် စည်းကမ်းတကျ တာဝန်ထမ်းဆောင်နိုင်ရေး စနစ်တကျလေ့ကျင့်သင်ကြားပေးရသော သင်တန်း ကျောင်းများဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအချင်းချင်း အစုအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်ရန်၊ အမိန့်နာခံပြီး အထက်အောက် အပြန်အလှန်လေးစားသော နိုင်ငံနှင့်လူမျိုးအပေါ် ကာကွယ်စောင့် ရှောက်လိုစိတ်ရှိသော ဝန်ထမ်းကောင်းများဖြစ်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီ ကာကွယ်ရေးပညာရပ်နှင့် အခြေခံစစ်ပညာ၊ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးအတတ်ပညာများကို လေ့ကျင့်သင်ကြား ပေးရခြင်း ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားသည့် ဘာသာရပ်များ၏ အလေးအနက်၊ ရည်ရွယ်ချက်များကို ကိုယ်တိုင်သိရှိနားလည်ပြီး နိုင်ငံ့ဝန်ထမ်း သင်တန်းသားများကိုလည်း သဘောပေါက်အောင် ရှင်းလင်းသင်ကြားပို့ချပေးရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ဥက္ကဋ္ဌသည် တက္ကသိုလ်အတွင်း လေ့ကျင့်သင်ကြားရေးဆိုင်ရာ သင်တန်းသား အိပ်ဆောင်များ၊ သင်တန်းခန်းမများ၊ အုပ်ချုပ်မှုအဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများ၊ တက္ကသိုလ်တွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းများ၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်