ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များအား တွေ့ဆုံ

တောင်ကြီး  ၂၁ ဇူလိုင်  

တစ်နိုင်ငံလုံးအနေဖြင့် လစ်လပ်နေရာ(၁၃)နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်တွင် လဲချားပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။ ထို့ကြောင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့များအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို သတ်မှတ်အချိန်ဇယားနှင့်အညီ ပြင်ဆင်ဆောင်ရွက်သွားဖို့ လိုအပ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို အသစ်ပြန်လည် ဖွဲ့စည်းပေးခဲ့တဲ့အတွက် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ရွေးကောက်ပွဲလုပ်ငန်းများ ဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ ဆရာဖြစ်သင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချပေးဖို့ လိုအပ်ပါကြောင်း၊ သင်တန်းတက်ရောက်ပြီးသူများအနေနဲ့ မိမိပြည်နယ်အတွင်းမှာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချပေးဖို့လိုပါကြောင်း၊ ဆက်လက်ပြီး မဲပေးခြင်း မဲရေတွက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်နိုင်အောင် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များကိုလည်း သင်တန်းများ ဖွင့်လှစ်ပို့ချသွားမှာဖြစ်လို့ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်ပါကြောင်း မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယခုအချိန်မှာ နိုင်ငံရေးပါတီများအနေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအမည်စာရင်းကို တင်သွင်ကြပြီးဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်လောင်းများကို စိစစ်အတည်ပြုရာမှာ ပြဋ္ဌာန်းထားတဲ့လုပ်ထုံးလုပ်နည်းများ ဥပဒေများနဲ့အညီဖြစ်ဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးဖို့ကို ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့နဲ့ တင်ပြညှိနှိုင်း ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများအနေနဲ့ ရွေးကောက်ပွဲများကျင်းပရာမှာ လွပ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံသော ရွေးကောက်ပွဲဖြစ်မှုနှင့် ပြည်သူ့ဆန္ဒနှင့်ရွေးကောက်ပွဲ ရလဒ်တစ်ထပ်တည်းဖြစ်စေရေးဆိုသည့် စံငါးချက်အပေါ် အခြေခံဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ စံငါးချက်နှင့်ညီတဲ့ ရွေးကောက်ပွဲများ ဖြစ်ပေါ်စေရေးအတွက် တာဝန်ယူဆောင်ရွက်ကြရတဲ့ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အနေနဲ့လည်း တာဝန်ကြီးလေးမှာဖြစ်ကြောင်း၊ ဒါကြောင့် လုပ်ငန်းစဉ်များဆောင်ရွက်တဲ့အခါမှာ ပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အဂတိကင်းကင်း၊ ဘက်လိုက်မှုကင်းကင်း ဆောင်ရွက်ကြဖို့လိုအပ်သည်ကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကြားဖြတ်ရွေးကောက်ပွဲရှိတဲ့ ကော်မရှင်အဖွဲ့ခွဲများအနေနှင့် ကြားဖြတ်ရွေးကောက်ပွဲကို အောင်မြင်စွာဆောင်ရွက်ကြရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲမရှိတဲ့ကော်မရှင်အဖွဲ့ခွဲများအနေနဲ့ လိုအပ်ချက်များကို ကူညီဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲများအတွက် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်လိုအပ်ပါကြောင်း စသည်ဖြင့် ယနေ့နံနက် (၉)နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့်အမှာစကားတွင် ထည့်သွင်းမှာကြားခဲ့သည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)