ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၁) ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြော

နေပြည်တော်  စက်တင်ဘာ  ၂၈        

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၁)အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦခင်မောင်ရီ၊ ဦခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းတို့က Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား စနစ်တကျဖြင့် ပြည့်ပြည်စုံစုံ အပြန်အလှန်ဆွေးနွေးကြရန်နှင့် နိုင်ငံနှင့်ကိုက်ညီသည့် အခြေအနေများကို ဆွေးနွေးအကြံပြုကြရန်လိုကြောင်း၊ နိုင်ငံသာယာဝပြောရေးသည် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားရေးဆိုင်ရာလုပ်ငန်းများ ပါဝင်သဖြင့် ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ဆောင်ရွက်ကြရန် လိုကြောင်း၊ အရေးပါသည့် ကိစ္စရပ်များဆောင်ရွက်ရာတွင် အဓိကအားဖြင့် ဥပဒေနှင့်စည်းကမ်းများပေါ်တွင် အခြေခံ၍ ဆောင်ရွက်ရန်လိုကြောင်း၊ ဥပဒေအရ စိစစ်ရန်လိုအပ်သည့်နေရာများအား ဒေသဆိုင်ရာအာဏာပိုင်များအနေဖြင့် စနစ်တကျ စိစစ်ဆောင်ရွက်ကြရန် လိုကြောင်း၊ ဒေသ၏အဓိက လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ရာတွင်လည်း အမှန်တကယ်လိုအပ်မှုရှိ မရှိ ချင့်ချိန်ဆောင်ရွက်ကြရန် လိုကြောင်း။

မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာ နှင့်ဆက်ဆံဆောင်ရွက်သည့်အချိန်တွင် မိမိတို့နိုင်ငံ၏ပကတိအခြေအနေနှင့် ကိုက်ညီရန်နှင့် အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်ကိုက်ညီမှုရှိရန်လိုအပ်ကြောင်း၊ လိုအပ်သည့် နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များအား လက်ရှိပကတိအခြေအနေနှင့် ကိုက်ညီအောင် ဆောင်ရွက်ရန် လိုကြောင်း၊ လွယ်ကူရှင်းလင်းသည့် စီမံခန့်ခွဲမှုစနစ်နှင့် အုပ်ချုပ်မှုစနစ်ဖြစ်ရန်လိုကြောင်း၊ သို့မှသာ Good Governance စနစ်ကို ဖော်ဆောင်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။

ဝန်ကြီးဌာနများ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သည့်အချိန်တွင် ပေါင်းစပ်ဆောင်ရွက်မှုများ အားနည်သည်ကိုတွေ့ရှိရကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်နေသူများအနေဖြင့် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများနှင့် ဥပဒေများကိုသိရှိအောင် လေ့လာထားမှသာ လုပ်နိုင်စွမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ လုပ်ငန်းပေါ်တွင် စေတနာထားဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းများအားလုံး လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန်လိုပြီး လုပ်ငန်းများအား မြန်မြန်ထက်ထက်ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် အထက်အောက် ယုံကြည်ကိုးစားမှုကိုရရှိပြီး ကောင်းမွန်သည့် အစိုးရစနစ်ကို ဖြစ်ထွန်းစေသဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍရပ်များနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က အကြမ်းဖက်လုပ်ငန်းများ၌အချို့ EAO များ ပါဝင်ပတ်သက် နေမှုရှိနေသော်လည်း EAO အများစုမှာ လက်ခံမှုမရှိကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မထိခိုက်အောင် တတ်နိုင်သမျှထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အကြမ်းဖက်လုပ်ငန်းများနှင့် မသက်ဆိုင်သည့်ပြည်သူများ၏ လွတ်လပ်ခွင့်ကိုလည်း မထိခိုက်ရန်လိုကြောင်း။

မော်တော်ဆိုင်ကယ်များ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ မြို့မြေများတိုးချဲ့ ဖော်ဆောင်ခြင်းနှင့်ပတ်သက်၍  နောင်အနာဂတ်ကာလအထိ စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ မဖြစ်မနေလိုအပ်သည့် စာသင်ကျောင်း၊ ဆေးရုံနှင့် အားကစားကွင်းများထည့်သွင်း တည်ဆောက်ခြင်းနှင့် မြို့သာယာလှပရေးအတွက် လမ်းနယ်နိမိတ်များ၊ အရိပ်ရလေကာပင်များ စိုက်ပျိုးခြင်းများအား စနစ်တကျ ထည့်သွင်းတည်ဆောက်ရန်လိုကြောင်း လမ်းညွှန်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)