ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ

နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

(၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်)

ချစ်ကြည်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား

ယနေ့ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် ကျရောက်သည့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် မွန်ပြည်နယ်နေ့ မင်္ဂလာနေ့ထူးနေ့မြတ်အခါသမယ၌ မွန်ပြည်နယ်နှင့် ဒေသအသီးသီးတွင် ရောက်ရှိနေကြသော မွန်တိုင်းရင်းသား သွေးချင်းညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာသုခ ချမ်းသာကြ၍ ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝလျက် ကျက်သရေ မင်္ဂလာ အဖြာဖြာနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန် ကောင်းတောင်းအပ်ပါသည်။

မွန်တို့ဌာနေ ရာမညမြေဖြစ်သော မွန်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်မှာ ၂၀၂၄ ခုနှစ်၊ မတ်လ(၁၉)ရက်နေ့တွင် နှစ် (၅၀) ပြည့်မြောက်ပြီဖြစ်ပါသဖြင့် ရွှေရတုအထိမ်းအမှတ်နှစ်အဖြစ် သမိုင်းဝင်မော်ကွန်းတင်ပြီး အောင်လံစိုက်ထူ ကမ္ပည်းရေးထိုးနိုင်ခဲ့ပြီဖြစ်ပါသည်။                                                                                   

မွန်ပြည်နယ်ဟု သတ်မှတ်ခေါ်ဝေါ်ခြင်းမပြုမီ ယခင်ကမွန်ပြည်နယ်၏ နယ်မြေများဖြစ်သည့် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ကို တနင်္သာရီတိုင်း အမှတ် (၁) အဖြစ်လည်းကောင်း၊ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ကို တနင်္သာရီတိုင်း အမှတ် (၂) အဖြစ်လည်းကောင်း  သတ်မှတ်ဖွဲ့စည်းခဲ့ကြပါသည်။ လွတ်လပ်ရေးရရှိပြီး ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တနင်္သာရီတိုင်း အမှတ် (၁) အား မွန်ပြည်နယ်အဖြစ်  ကမ္ပည်းတင်ရေးထိုးခဲ့သည့် မတ်လ(၁၉)ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေး မှုဓလေ့ထုံးစံများဖြင့် နှစ်စဉ် ဂုဏ်ပြုကျင်းပပြုလုပ် ခဲ့သည်မှာ ရွှေရတုကာလတိုင်နှစ် (၅၀)ပြည့်မြောက် ခဲ့ပြီဖြစ်ပါသည်။

မွန်တိုင်းရင်းသားများသည်  မြန်မာနိုင်ငံ အတွင်းသို့  အစောဆုံး  ဝင်ရောက်နေထိုင်သော လူမျိုးများဖြစ်ပြီး  ဂေါတမ မြတ်စွာဘုရားရှင် ပွင့်တော်မမူမီကာလကတည်းက သထုံဒေသ ဝန်းကျင်တွင် သုဓမ္မဝတီနိုင်ငံအဖြစ် တည်ရှိခဲ့ကာ ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှု၊ အနုသုခုမ ပညာများ ပြန့်ပွားခဲ့ပြီး ယနေ့အထိ ထိန်းသိမ်းလျက် ရှိသည့် သမိုင်းကောင်းများမှာ ပြည်နယ်အတွက် ဂုဏ်ယူဖွယ်ရာများဖြစ်ပါသည်။

မွန်ပြည်နယ်သည် ထင်ရှားကျော်ကြားသည့် သာသနာပြု မင်းကောင်းမင်းမြတ်များ၊ ရဟန်းပညာ ရှိများ၊ လူပညာရှိများ၊ ကျမ်းဂန်တတ်စာပေပညာ ရှင်များ၊ သူရသတ္တိထက်မြက်သည့် သူရဲကောင်းများ ထွန်းကားခဲ့သော သမိုင်းအစဉ်အလာရှိခဲ့သည့် ပြည်နယ်ဖြစ်သည့်အပြင် မွန်လူမျိုးတို့၏ ဘာသာ စာပေ၊ ယဉ်ကျေးမှုအနုပညာများ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည့် အစဉ်အလာကောင်းသော ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။

မွန်ပြည်နယ်သည် ပထဝီအနေအထားအရ နိုင်ငံ၏တောင်ဘက်၊ တနင်္သာရီကမ်းမြောင်ဒေသ၏‌ မြောက်ပိုင်းတွင် တည်ရှိပြီး အရပ်လေးမျက်နှာတွင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဘင်္ဂလား ပင်လယ်အော်၊ မုတ္တမကွေ့နှင့် ထိုင်းနိုင်ငံတို့ဖြင့် ဆက်စပ်လျက်ရှိပြီး ရေလမ်း၊ ကုန်းလမ်းဆုံရာ အချက်အချာနေရာတွင် တည်ရှိ သော ပြည်နယ်တစ်ခုပင်ဖြစ်ပါသည်။

မွန်ပြည်နယ်သည် ရာသီဥတုကောင်းမွန်မျှတပြီး တောတောင်မြစ်ချောင်းများ၊ စိမ်းလန်းစိုပြည်သော သစ်တောများ၊ သမိုင်းယဉ်ကျေးမှုအမွေ အနှစ်များရှိသည့်အပြင် ရှည်လျားသော ပင်လယ် ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသည့်အတွက် မြေသယံဇာတများ၊ ရေသယံဇာတများ၊ စက်မှုကုန် ကြမ်းထွက်ကုန်များကြွယ်ဝပြီး ဂုဏ်ယူဖွယ်ရာ သာယာလှပသည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။

မွန်ပြည်နယ်အတွင်း အံ့ချီးဖွယ်ရာ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအပါအဝင် ရှေးဟောင်း တန်ခိုးကြီးဘုရားများစွာ တည်ရှိပြီး သာသနာပြုပုဂ္ဂိုလ်များနှင့် ရှင်အရဟံမထေရ်မြတ် ကြီးတို့က စစ်မှန်သော ဗုဒ္ဓသာသနာတော်တည်တံ့ပြန့်ပွားထွန်းကားရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြသဖြင့် သုဝဏ္ဏဘူမိဒေသသည် ဗုဒ္ဓဘာသာ စတင်ထွန်းကားပြန့်ပွားရာ ဒေသဖြစ်ခဲ့သည်ကို လည်း သမိုင်းမှတ်တမ်းများအရ အထင်အရှားသိမြင် နိုင်မည်ဖြစ်ပါသည်။

ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသား မိဘပြည်သူညီအစ်ကို မောင်နှမများခင်ဗျား

ယခုအခါ မိမိတို့နိုင်ငံသည် ပြည်သူများ၏ လိုလားချက်နှင့်အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဟူသည့် လောကပါလ တရားများထွန်းကားရာ ဒီမိုကရေစီစနစ်ကို ကျင့်သုံး သည့်နိုင်ငံအဖြစ်သို့ စတင်လျှောက်လှမ်းနေချိန်ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် နိုင်ငံသားအားလုံးအနေဖြင့် စည်းလုံး ညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကို လေးစားလိုက်နာ ခြင်းတို့သည် မရှိမဖြစ်လိုအပ်ပါသည်။ သို့သော်လည်း လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ အာဏာထူထောင်လိုမှု များ၊ သွေးခွဲသပ်လျှိုမှုများ၊ စည်းလုံးညီညွတ်မှု လျော့နည်းလာမှုများ၊ နိုင်ငံ့အကျိုးကို လျစ်လျူရှု၍ ကိုယ်ကျိုးစီးပွားရှာဖွေမှုများ၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် အားနည်းမှုများ၊ နိုင်ငံ့အရင်းအမြစ်များကို ပျက်စီးအောင် ဖျက်ဆီးနေမှုများကြောင့် နိုင်ငံနှင့် ပြည်သူများသည် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ကာ ဆင်းရဲဒုက္ခများ ကြုံတွေ့နေကြရသည်ကို သတိထား ရှုမြင်သုံးသပ်ဆင်ခြင်ကြရမည့်အချိန် ကျရောက်နေ ပြီဖြစ်ပါသည်။

နိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းလက်တွဲဆောင်ရွက် ကြရမည့်အစား ကွဲပြားနေသော နိုင်ငံရေးအင်အားစု တို့၏ ငါတကောကောမှုများ၊ ဖဲ့ထုတ်စည်းရုံးမှုများသည် နိုင်ငံ့အကျိုးနှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုး စီးပွားအတွက် မြော်မြင်မှုကင်းမဲ့စွာဖြင့် နိုင်ငံကို ထိခိုက်နစ်နာစေသည့် လုပ်ဆောင်မှုများသာဖြစ်ပါ သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့တွင်လည်း ခေါင်းဆောင်လုပ်သူတို့က လူမျိုးစုအတွင်း ကျဉ်းမြောင်းသည့် လူမျိုးရေးမုန်းတီးမှုဝါဒကို ရိုက်သွင်း၍ အလွန်အကျွံလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြပြီး ခြံကြီးထဲတွင် ခြံငယ်ခတ်ရန်၊ လှေကြီးပေါ်တွင် လှေငယ်တင်ရန်၊ ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးစေရန် ပိုမိုအားထုတ်လျက်ရှိနေကြသည်ကို သတိတရားဖြင့် ကာကွယ်ထိန်းသိမ်းကြရန် လိုအပ် မည်ဖြစ်ပါသည်။

၂ဝ၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲမသမာမှုများကြောင့် ဖြစ်ခဲ့ရသည့် နိုင်ငံရေးအပြောင်းအလဲ အပြီးတွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာ ထားသော NUG လက်အောက်ခံ PDF အကြမ်းဖက် အဖွဲ့နှင့် အခြားဒေသအလိုက် ကာကွယ်ရေးအဖွဲ့ အမည်ခံ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အုပ်စု အမျိုးမျိုးတို့ ပေါ်ပေါက်လာခဲ့ပါသည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် အချုပ်အခြာအာဏာကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်ပြီး အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်လျက်ရှိနေပါသည်။

ထို့ကြောင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ် အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ထိန်းသိမ်းသွားကြရန် မဖြစ်မနေ လိုအပ်သည့်အချိန်ဖြစ်ပါသည်။

တစ်ဖက်တွင်လည်း နိုင်ငံရေးမပြေလည်မှုများကြောင့် လက်နက်ကိုင်လမ်းကြောင်းသို့ ရောက်ရှိနေ သည့် အဖွဲ့အစည်းများအနေဖြင့် အစဉ်သဖြင့်ဖွင့်လှစ်ပေးထားသည့် တွေ့ဆုံဆွေးနွေးရေးများဖြင့် (NCA) လမ်းကြောင်း မှတစ်ဆင့် နိုင်ငံတော် ထာဝရတည်ငြိမ်အေးချမ်းရေးအတွက် အဖြေရှာကြရန် လိုအပ်မည် ဖြစ်ပါသည်။

ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသား မိဘပြည်သူညီအစ်ကို မောင်နှမများခင်ဗျား

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ထားလျက် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထု၏ ဆန္ဒဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေရေး အခြေခံကျသည့်အုတ်မြစ်မှာ တရားမျှတ သော၊ သိက္ခာရှိသော၊ နည်းလမ်းကျနမှန်ကန်မှုရှိသော အထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးဖြစ်ပါသည်။ ထိုကဲ့သို့ ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ တည်ငြိမ်အေးချမ်းမှုရှိရေးဖြစ်သဖြင့် နိုင်ငံသားအားလုံး၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်း မှာကြားပါသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် လူသားတိုင်း အသက်ရှင်ရပ်တည်နိုင်ရေးအတွက် စားဝတ်နေရေးမှာ အခြေခံလိုအပ်ချက်များ ဖြစ်သဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေး ရည်မှန်းချက် (၂) ရပ်အဖြစ် ချမှတ်ထားရှိပြီး စိုက်ပျိုးရေးတွင် ကာလဒေသနှင့်ကိုက်ညီသော ထုတ်ကုန်များ ထွက်ရှိ လာစေရေး နိုင်ငံသားတိုင်းအကျိုးရှိစေမည့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် အရှိန်တိုးမြှင့် ဆောင်ရွက်စေရေးတို့အတွက် ပံ့ပိုးဆောင်ရွက်လျက် ရှိပါသည်။

တိုင်းရင်းသားပြည်သူအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် လူမှုစီးပွားဘဝ မြင့်မားရေးတို့အတွက် ဒေသအလိုက် သဘာဝထွက်ကုန်များကို အခြေခံသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့ကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေးခြင်းသည် နိုင်ငံလူဦးရေအများစု ဖြစ်သော ကျေးလက်နေပြည်သူများ၏ ဘဝများ တိုးတက်လာစေရန်ဖြစ်သကဲ့သို့ နိုင်ငံ၏ အဓိကကုန်ထုတ် လုပ်ငန်း မြင့်မားလာစေရန်လည်းဖြစ်သည့်အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်သွားကြ ရန်ကိုလည်း တိုက်တွန်းလိုပါသည်။

ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရက KG+9 အထိ မသင်မနေရသတ်မှတ်ပြီး ဘက်စုံပညာ ရေးစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ မွန်ပြည်နယ်အတွင်း အခြေခံပညာ တတ်မြောက်မှုနှင့် တန်းစဉ်ကူးပြောင်းမှုများ မြင့်မားတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မည် ဆိုပါက ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။

ပြည်သူလူထုအသိမှား၊ အမြင်မှား၊ အလုပ်အကိုင်မှားအောင် ကောလာဟလများကို ဖြန့်ချိ၍ အဆိုးမြင်စိတ်ခံစားမှုကို အဆုံးထိ မြှင့်တင်ပေးပြီး ပြည်သူကို စတေးကာ နိုင်ငံရေးအမြတ်ထုတ်မှုများ ကိုလည်း အသိဉာဏ်ဆင်ခြင်တုံတရားဖြင့် သတိထားကြရမည်ဖြစ်ပါသည်။ တော်လှန်ရေးဟူ၍ အမည်တပ်ကာ မိမိတို့အား ထောက်ခံသူများနှင့် မသိနားမလည်သူများ၏ ဘဝများကို ရင်းနှီးစတေး၍ အာဏာကို အချောင် ရယူရန် ကြိုးပမ်းအမြတ်ထုတ် နေကြသူများ၊ ခေါင်းစဉ်အမျိုးမျိုးတပ်၍ လိမ်လည်လှည့်ဖြားကာ ကိုယ်ကျိုးရှာသူများကိုလည်း ဝိုင်းဝန်း ဖော်ထုတ်နိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် မွန်ပြည်နယ်မှ မိဘပြည်သူ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအပါအဝင် နိုင်ငံနှင့် လူမျိုးကို အမှန်တကယ်ချစ်မြတ်နိုးကြသည့် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများတွင် မိမိတို့ကျရာကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြည်ထောင်စု စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်သွားကြရန် အလေးအနက်ထား ဆန္ဒပြုလျက် နှစ်(၅၀)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

 နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ