ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ချစ်ခင်လေးစားအပ်ပါသော ဆရာ၊ ဆရာမများခင်ဗျား

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ မင်္ဂလာအခါသမယတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ဆရာ၊ ဆရာမများအားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာဆုတောင်း‌ မေတ္တာပို့သအပ်ပါသည်။

ယနေ့ အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးမှ ဆရာများ၏ မြင့်မြတ်သောဂုဏ်ကို ချီးကျူးဂုဏ်ပြုသည့် ကျက်သရေ မင်္ဂလာရှိလှသော ကမ္ဘာ့ဆရာများနေ့ ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO)နှင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့( UNESCO ) တို့က ဆရာများ၏ အဆင့်အတန်းနှင့် ပတ်သက်သည့် ထောက်ခံချက်ကို လက်မှတ်ရေးထိုးခဲ့သော ၁၉၆၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ကို အစွဲပြုလျက် ၁၉၉၄ ခုနှစ်မှ စတင်ကာ နှစ်စဉ်အောက်တိုဘာလ ၅ ရက်နေ့တွင် ကမ္ဘာ့ ဆရာများနေ့ အခမ်းအနားကို ကမ္ဘာအနှံ့ကျင်းပခဲ့ကြသည်မှာ ယခုအခါ နှစ်(၃၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ပညာရေးဝန်ကြီးဌာနက ကြီးမှူး၍ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်တွင် ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ၌ နိုင်ငံတော်အဆင့် စတင်ကျင်းပခဲ့ရာ ယခုအခါတွင် ၂၂ နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဆရာ့ကျေးဇူးကို အထူးသိမြင်ပြီး ပူဇော်ဦးခိုက်ကြသည့် ထုံးတမ်းစဉ်လာမှာ ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် တည်ရှိခဲ့ပြီး ယနေ့ထက်တိုင်လည်း တည်တံ့ခိုင်မြဲလျက်ရှိပါသည်။ မြန်မာတို့သည် ပညာကို အထူးလိုလားသော ဓလေ့စရိုက်စွဲမြဲသည့်အပြင် ကျေးဇူးတရားကို ဦးထိပ်ပန်ဆင်လျက် ကျေးဇူးအထူးသိတတ်၊ တုံ့ပြန် ပေးဆပ်တတ်သူများဖြစ်သည့်အားလျော်စွာ ဆရာများကို အနန္တော အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဟု သတ်မှတ်ပြီး ရိုသေလေးစားခဲ့ကြသည်မှာ နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။

အနန္တဂိုဏ်းဝင်ကျေးဇူးရှင်များ ဖြစ်ကြသည့် ဆရာ၏ အဓိပ္ပာယ်ကို မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် “သွန်သင်ဆုံးမနည်းလမ်းပြသော ပုဂ္ဂိုလ်၊ ပညာပို့ချသင်ကြားပေးသူ”ဟု ဖွင့်ဆိုထားပါသည်။ မြန်မာမှု နယ်ပယ်တွင် သင်ဆရာ (မုတာစရိယ)၊ မြင်ဆရာ(ဒိဋ္ဌာစရိယ)နှင့် ကြားဆရာ(သုတာစရိယ) ဟူ၍ သုံးမျိုးရှိပါသည်။ ဆရာများသည် တပည့်တို့အား ကျောသားရင်သားမခွဲခြားဘဲ သားသမီး အရင်းကဲ့သို့ သဘောထားကာ အသိပညာ၊ အတတ် ပညာ၊ အတွေးအခေါ်၊ အသိအလိမ္မာနှင့် စိတ်ဓာတ် ရေးရာမြင့်မားအောင် သင်ကြားညွှန်ပြပေးကြပါသည်။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ စေတနာအရင်းခံ၍ တပည့်များကို “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ကျင့်ဖို့ဝတ်ငါးဖြာ”ဆိုသည့် ဆရာ့ဝတ္တရားများနှင့် အညီ ကျင့်ကြံကြကုန်သော ဆရာတို့၏ဂုဏ်ရည်မှာ ချီးကျူးစာဖွဲ့၍ မကုန်နိုင်အောင် ကြီးမားလှပါသည်။ ဆရာများက ကျောင်းသား ကျောင်းသူ၊ လူငယ် လူရွယ်များ အသိပညာ၊ အတတ်ပညာများကို အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးကြမှသာ လူ့ဘဝခရီးတွင် ကြုံတွေ့လာနိုင်သည့်အခက်အခဲများ၊ ပြဿနာများကို ဖြေရှင်းကျော်လွှားကာ လုပ်ငန်း အောင်မြင်မှုများကို ဆောင်ကြဉ်းနိုင်မည်ဖြစ်ပါသည်။

တပည့်များ၏ ပညာအရည်အသွေးမြင့်မား စေရန် ဆရာ့အရည်အသွေးလည်း မြင့်မားနေရမည်ဖြစ်ရာ ဆရာများသည် အမြဲလေ့လာနေကြရပါမည်။ ဆန်းသစ်သည့်အယူအဆ၊ အတွေးအခေါ်များနှင့် ရှင်သန်နေကြရမည် ဖြစ်ပါသည်။ ဆရာကောင်း တစ်ယောက်၏ ပညာအရည်အချင်းနှင့် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော စိတ်စေတနာတို့အပေါ်တွင် တပည့်များ၏ ဘဝများအကောင်းအဆိုးသည် တည်မှီနေပါသည်။

ဆရာကောင်းတို့ရှိမှသာ တိုင်းပြည်၏အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်တို့ ပညာ ပြည့်ဝ နှလုံးလှကြကာ နိုင်ငံနှင့် လူမျိုးအကျိုးကို အားကြိုးမာန်တက် ထမ်းရွက်နိုင်ကြပြီး နိုင်ငံ၏ အလှ၊ နိုင်ငံ၏ဂုဏ်ကို ဖော်ဆောင်နိုင်ကြမည်ဖြစ်ပါ သည်။ ဆရာ ဆရာမများအနေဖြင့် တပည့်များကို ကောင်းစွာ ပြုစုပျိုးထောင်နိုင်ကြပြီး မိမိထက်တော်သည့်၊ တတ်သည့်တပည့်များကို မွေးထုတ်ပေးနိုင်ကြမှသာ ၎င်းတို့ အပါအဝင် တိုင်းပြည်နှင့် လူမျိုးတို့၏အနာဂတ် ပို၍လှပမည်ဖြစ်ပါသည်။

ယနေ့ခေတ် ကမ္ဘာ့နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးဖွံ့ဖြိုးမှုအပေါ်တွင် တည်မှီလျက်ရှိသည် ဆိုသည့်အချက်ကို အားလုံးအသိပင်ဖြစ်ပါသည်။ နိုင်ငံ၏ အရွယ်အစားကြီးခြင်း၊ ငယ်ခြင်းထက် ထိုနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးအပေါ်မူတည်ပြီး ပညာရေးအဆင့် အတန်းမြင့်မားသော နိုင်ငံသည် ပိုမိုဖွံ့ဖြိုးတိုးတက် ကြသည်ကို တွေ့ရမည်ဖြစ်ပါသည်။

ဆရာများသည် တပည့်များကို ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဟူသည့် ဗလငါးတန်နှင့်ပြည့်စုံသူများ ဖြစ်လာစေရန် သင်ကြားပြသပေးရသူများလည်း ဖြစ်ကြပါသည်။ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စိတ်ဓာတ်ရှိသူများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများ ဖြစ်လာစေရန်လည်း သင်ကြားပေးကြရပါသည်။ “ဆရာကောင်းတပည့် ပန်းကောင်းပန်”ဆိုရိုးစကားနှင့်အညီ ဆရာကောင်း၏ တပည့်သည် အရည်အချင်း ပြည့်ဝကာ လူပုံအလယ်၌ တင့်တယ်စေနိုင်ပါသည်။ ဆရာများသည် မိမိတို့၏ တပည့်များကို ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ပျိုးထောင်ကာ ဆန်းစစ်ဝေဖန်တတ်စေရန်၊ ပြဿနာ ဖြေရှင်းတတ်စေရန်၊ စဉ်းစားတွေးခေါ်တတ်စေရန်၊ တီထွင်ဖန်တီးတတ်စေရန် လေ့ကျင့်ပေးကြရသည့် အပြင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ကိန်းအောင်း လာစေရန် ပြုစုပျိုးထောင်ပေးကြရပါသည်။

ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာရေးကို ပြီးဆုံးသည်အထိ သင်ယူတတ်မြောက်စေရန်၊ အနည်းဆုံး KG+9 ပြီးမြောက်စေရန်၊ တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိပြီး ဗလငါးတန်နှင့် ပြည့်စုံသူများ ဖြစ်ရန်၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးစံနှုန်းများဖြင့် ဥပဒေကို လေးစား လိုက်နာတတ်သည့် တာဝန်သိစိတ်၊ တာဝန်ယူစိတ်ရှိသူများဖြစ်စေရန်၊ အမြင်ကျယ်မှုရှိပြီး စူးစမ်းရှာဖွေ လေ့လာလိုသော စိတ်ဓာတ်နှင့် ပူးပေါင်းတီထွင်ကြံဆ ဆောင်ရွက်တတ်သူများ ဖြစ်စေရန်၊ လူတစ်ဦးချင်းဖြစ်စေ၊ လူ့အဖွဲ့အစည်း လိုက်ဖြစ်စေ မတူကွဲပြားမှုများကို နားလည်လက်ခံပြီး တန်းတူညီမျှမှုကို တန်ဖိုးထား လေးစားကာ ငြိမ်းချမ်းရေးအခြေခံအသိများနှင့် လက်တွေ့ကျင့်သုံး နေထိုင်တတ်သူများဖြစ်စေရန် စသည့် အခြေခံပညာရေး ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်အောင် အကောင်အထည်ဖော်ရာတွင် ဆရာများ၏ အခန်းကဏ္ဍသည် အဓိကကျလှပါသည်။

တပည့်များ၏ ပညာရေးတွင်သာမက လူမှုဆိုင်ရာ ပြဿနာများ၊ အခက်အခဲ အကျပ်အတည်းများကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်း ပေးနိုင်မည့် ဆရာများကို အရည်အချင်းပြည့်ဝစေရေးအတွက် လေ့ကျင့်သင်ကြားပေးနိုင်ရန် အထူးလိုအပ်ပါသည်။ သို့ဖြစ်၍ သင်ကြားရေးအထောက်အကူပြု မွမ်းမံသင်တန်းများ၊ ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းများဖွင့်လှစ်ကာ သင်ကြား၊ စီမံအရည် အသွေးများ မြှင့်တင်လေ့ကျင့် ပေးလျက်ရှိပါသည်။ ဆရာ ဆရာမများကိုယ်တိုင်လည်း နေ့စဉ်မပြတ် သင်ကြားရင်း သင်ယူ၊ သင်ယူရင်း သင်ကြားနေကြမည်မှာ အမှန်ပင်ဖြစ်ပါသည်။

သာယာဝပြောပြီး ငြိမ်းချမ်းသော အနာဂတ် လူ့ဘောင်ကို တည်ထောင်နိုင်ရန် ထူးချွန်ထက်မြက်ပြီး ပညာတတ်သော ဗလငါးတန်နှင့် ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များစွာ လိုအပ်လျက်ရှိနေပါသည်။ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသောစကားနှင့်အညီ စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်ပြီး ပညာတတ်သော လူငယ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် အတွက် ပညာပြည့်ဝနှလုံးလှသည့် ဆရာကောင်း ဆရာမြတ်များ လိုအပ်လျက်ရှိနေပါသည်။

ထို့အတွက်ကြောင့် “The teachers we need for the education we want: The global imperative to reverse the teacher shortage” ဟူသော ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဦးတည် ချက်နှင့်အညီ ကျွန်ုပ်တို့မျှော်မှန်းသော ပညာရေးအတွက် လိုအပ်သောဆရာများ ဖြည့်ဆည်းနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ယနေ့ကျရောက် သော ကမ္ဘာ့ဆရာများနေ့ နေ့ထူးနေ့မြတ်အခါသမယ ၌ အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။