ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

 

(၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်)

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

ယနေ့ကျရောက်သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် နိုင်ငံတော်အတွင်း ချစ်ကြည်ရင်းနှီးစွာ အတူတကွနေထိုင်ကြသော ပြည်ထောင်စုဖွားတိုင်းရင်းသားသွေးချင်းညီအစ်ကို မောင်နှမများအားလုံး ကျန်းမာချမ်းသာပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာတို့သည် ရှေးနှစ်ပေါင်းများစွာကတည်းက ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းနှင့် ကိုယ့်မင်းကိုယ့်ချင်း နေထိုင်လာခဲ့ကြရာမှ ကုန်းဘောင်ခေတ်ကာလတွင် အင်္ဂလိပ်နယ်ချဲ့တို့က ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲပြီး မြန်မာနိုင်ငံတော်ကို သိမ်းပိုက်ခဲ့ရာ ထီးကျိုးစည်ပေါက် ထီးနန်းပျောက်ကာ သူ့ကျွန်ဘဝရောက်ခဲ့ရပါသည်။

နယ်ချဲ့အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချုပ်ရေးမူအရ လူမျိုးစုများကို အုပ်ချုပ်ရေးစနစ်အမျိုးမျိုးကျင့်သုံးကာ အခွင့်အရေးမတူညီစေခဲ့ခြင်းကြောင့် လူမျိုးရေးသွေးကွဲခြင်းကို ဖြစ်စေခဲ့ပါသည်။ တိုင်းရင်းသားတို့သည် ခိုင်မာသောပြည်ထောင်စုစိတ်၊ မျိုးချစ်စိတ်ဖြင့် လွတ်လပ်ရေးအတွက် လက်နက်ဆွဲကိုင်မှုအပါအဝင်  နည်းမျိုးစုံဖြင့်  တိုက်ပွဲဝင်ခဲ့ကြရာ အင်္ဂလိပ်နယ်ချဲ့တို့က လွတ်လပ်ရေးမပေး၍မရသည့် အခြေအနေတွင် တောင်တန်းနှင့်ပြည်မကို ခွဲခြား၍ လွတ်လပ်ရေးပေးရန် ကြံစည်ခဲ့ကြပါသည်။

တောင်တန်းနှင့် ပြည်မ သာတူညီမျှ တလုံးတစည်းတည်းဖြင့် လွတ်လပ်ရေးကို အရယူမည်ဟူသော သန္နိဋ္ဌာန်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင် ၂၃ ဦးတို့က ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ ရှမ်းပြည်နယ်  ပင်လုံမြို့တွင်  သမိုင်းဝင်ပင်လုံစာချုပ်ကို အောင်မြင်စွာ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပါသည်။ ထိုသို့ ပြည်ထောင်စု စိတ်ဓာတ်ကို သက်သေထူနိုင်ခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သမိုင်းမော်ကွန်းတင်ခဲ့ကြသည်မှာ ယနေ့ ဆိုလျှင် (၇၇)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။

“စည်းလုံးခြင်းသည်အင်အား၊ ပြည်ထောင်စု၏စွမ်းပကား ဟူသော ဆောင်ပုဒ်နှင့်အညီ တိုင်းရင်းသား အားလုံး၏ ပြည်ထောင်စု စိတ်ဓာတ်ဖြင့်ရယူခဲ့သော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရန် ပြည်ထောင်စုစိတ်ဓာတ်ဖြင့်သာ ဆက်လက်ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ပါသည်။ မျက်မှောက်ကာလတွင် အင်အားကြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအပေါ် စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်လိုမှု၊ နိုင်ငံရေးအရ မိမိဩဇာခံအဖြစ် ထားရှိလိုမှုများကြောင့် နောက်ကွယ်မှ ဘက်စုံစစ်ပွဲအသွင်ဖော်ဆောင်ကာ လုပ်ဆောင် နေကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။

သို့ဖြစ်၍ ပြည်ထောင်စုကြီး အဓွန့်ရှည်ကြာ ထာဝစဉ်တည်တံ့ ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စု စိတ်ဓာတ်အရင်းခံလျက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရန် အလေးအနက် တိုက်တွန်း အပ်ပါသည်။

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား-

မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ပြန်လည်လေ့လာကြည့်ပါကမျိုးချစ်စိတ်ကိုအရင်းခံပြီး လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ သန္ဓေတည်ခဲ့သော မြန်မာ့တပ်မတော်သည် ရရှိထားသည့်လွတ်လပ်ရေးကို တည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်လျက်ရှိပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ ပြည်ထောင်စုကြီးကို တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲတည်ဆောက်လျက်ရှိပါသည်။

လွတ်လပ်ရေးရရှိပြီး များမကြာမီတွင် ပြည်တွင်းရောင်စုံသူပုန် သောင်းကျန်းမှု အရှိန်အဟုန် မြင့်တက်ခဲ့သည့်အတွက် ရန်ကုန်အစိုးရဟုပင် ခေါ်ဆိုခြင်းခံခဲ့ရသည့်အချိန်တွင် အင်အားနှစ်သောင်း ခန့်သာရှိခဲ့သော တပ်မတော်သည် ပြည်သူလူထု၏အားပေးမှု၊ ပူးပေါင်းပါဝင်မှုတို့ကြောင့် ရက်ပေါင်း ၁၂၂ ရက်ကြာ အင်းစိန်တိုက်ပွဲကို အောင်မြင်စွာဆင်နွှဲခဲ့ပြီး ရောင်စုံသောင်းကျန်းမှုများကို အဆင့်ဆင့်နှိမ်နင်း ချေမှုန်းကာ ပြည်ထောင်စုကြီးမပြိုကွဲရေးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ရပါသည်။

လက်ရှိကာလတွင် ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နှင့် ပြည်တွင်း၊ ပြည်ပမှ အဖျက်သမားများသည် မိမိတို့နိုင်ငံ အကျိုးကို မလိုလားသော ပြည်ပအင်အားကြီးနိုင်ငံအချို့၏ သွေးထိုးမြှောက်ပင့် အားပေးမှုတို့ဖြင့် ဆူပူအကြမ်းဖက်မှုမျိုးစုံနှင့် တိုက်ပွဲများ ဖော်ဆောင်လျက်ရှိနေကြပါသည်။ ထိုကဲ့သို့ မတည်ငြိမ်မှုများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရကြခြင်းအပြင် နိုင်ငံ့အရင်းအမြစ်များ များစွာဆုံးရှုံးနစ်နာပြီး ဒေသခံတိုင်းရင်းသားပြည်သူများမှာ ဆင်းရဲဒုက္ခများစွာ ခံစားနေကြရပါသည်။ ရေရှည်တွင် နိုင်ငံတော်အတွက် အဘက်ဘက်မှ အန္တရာယ်ကြီးမားလှသည်ကို အားလုံးက သတိတရား ဖြင့် ထိန်းသိမ်းကာကွယ်ကြရန် အလွန်အရေးကြီးနေပြီဖြစ်ကြောင်း အသိပေးမှာကြားလိုပါသည်။

ပြည်ထောင်စုအကျိုး အမြဲရှေးရှုသော တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ထားကာ ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက် လျက်ရှိပါသည်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အတိုင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားအားလုံး၏ အားပေးထောက်ခံမှုနှင့် တပ်မတော်နှင့်ပြည်သူ တစ်သားတည်း ရပ်တည်မှုတို့သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အခြေခံပံ့ပိုးမှု တစ်ရပ်ပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝရရှိစေရန်အတွက် နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့်ပြည်သူ ကြည်ဖြူစွာ လက်တွဲကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား-

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားရေး စွမ်းပကား မြင့်မားရေးကို ဦးတည်ကြိုးပမ်းလျက် ရှိပါသည်။ ပြည်သူ လူထုတစ်ရပ်လုံးကို အချိန်တိုအတွင်း ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းစေနိုင်သည့် စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသော သဘာဝ ထွက်ကုန်များဖြစ်သည့် သစ်၊ ဝါး၊ ကြိမ်နှင့် အခြားပစ္စည်းများကို အခြေခံသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များကို အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်း၊ လုပ်ငန်းသစ်များ အစပျိုးရာတွင် တွေ့ကြုံရမည့်အခက်အခဲများ လျှော့ချပေးခြင်း၊ ရင်းနှီးမတည်ငွေစီးဆင်းမှု လွယ်ကူချောမွေ့စေခြင်း၊ အသိပညာပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ နည်းပညာမျှဝေခြင်း၊ စွန့်ဦးတီထွင်မှုလုပ်ငန်းများ အားကောင်းစေခြင်း၊ သတင်းကွန်ရက်ချိတ်ဆက် ခြင်းနှင့် သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခြင်း အစရှိသည်တို့ကို ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိပါသည်။

တိုင်းရင်းသားပြည်သူအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး အကျုံးဝင်သော စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် MSME အခန်းကဏ္ဍတို့ မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး နေရာလပ်မကျန် ဖွံ့ဖြိုးတိုးတက်စေရေးကို ဦးတည်ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

လူသားတိုင်း အသက်ရှင်ရပ်တည်နိုင်ရေးအတွက် စား၊ ဝတ်၊ နေရေးသည် အခြေခံလိုအပ်ချက်ဖြစ်သဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးရည်မှန်းချက် (၂) ရပ်အဖြစ် ချမှတ်ထားပါသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးမြေဧရိယာ ကျယ်ပြန့်ခြင်း၊ လူဦးရေသင့်တင့်မျှတခြင်း၊ ရာသီဥတုသမမျှတခြင်းတို့ ပြည့်စုံသည့်အတွက် အခြေခံအားဖြင့် စားရေရိက္ခာဖူလုံသည်ဟု ဆိုနိုင်သည်ဖြစ်၍ အာဟာရပြည့်ဝသည့် အမယ်စုံလင်သော စားရေရိက္ခာနှင့် စိုက်ပျိုး၊ မွေးမြူရေး ထုတ်ကုန်ပစ္စည်းများကို ပိုမိုထုတ်လုပ်သွားခြင်းအားဖြင့် တိုင်းပြည် သာယာဝပြောတိုးတက်လာစေမည်ဖြစ်ပါသည်။

နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်များ အောင်မြင်စေရေး အတွက် နိုင်ငံသားတိုင်း ပညာတတ်မြောက်ပြီး နိုင်ငံတော်၏ နယ်ပယ်အသီးသီးတွင် ကျရာကဏ္ဍမှ တာဝန်ထမ်းဆောင်နိုင်ကြရမည်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေ ရေးနှင့် အနည်းဆုံး KG + 9 အလယ်တန်းအဆင့် ပြီးမြောက်ရေးကို မူဝါဒချမှတ် အကောင်အထည်ဖော်လျက် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်၍ နိုင်ငံတော်၏ စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်မြင် ရေးအတွက် အထောက်အပံ့ကောင်းများကို ဖန်တီးပေးလျက်ရှိပါသည်။ စိုက်ပျိုးရေးတွင် ကာလ၊ ဒေသနှင့်ကိုက်ညီသော သီးထပ်၊ သီးညှပ် များကို စိုက်ပျိုးထုတ်လုပ်ကြသကဲ့သို့ နိုင်ငံသားတိုင်း အကျိုးရှိစေမည့် မွေးမြူရေးလုပ်ငန်းများကိုလည်း အရှိန်တိုးမြှင့်ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်(၂)ရပ် အောင်မြင်ဖြစ်ထွန်းလာစေရန် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုပါသည်။

ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံမှ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားများ အကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းတည်ဆောက်ကာ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

နိုင်ငံတော်က ဦးတည်ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု စနစ်တွင် တိုင်းရင်းသားအဖွဲ့အချို့က တောင်းဆိုနေသော အချက်များအားလုံးပါဝင်ပြီး ဖြစ်ပါသည်။ ဒို့တာဝန်အရေး (၃) ပါးကို အမျိုးသားရေးလုပ်ငန်းစဉ် သုံးရပ်အဖြစ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကို ခိုင်ခိုင်မာမာ တည်ဆောက်ထားခြင်းဖြစ်သဖြင့် အထိခိုက်ခံမည်မဟုတ်ကြောင်း ဖော်ပြလိုပါသည်။ နိုင်ငံတော်အတွင်း ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို သက်ဆိုင်ရာဒေသနှင့် ဒေသခံများကသာ ခံစားရမည်ဖြစ်သောကြောင့် မိမိတို့ဒေသအကျိုး၊ တိုင်းပြည်အကျိုးကိုကြည့်၍ နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းကြကာ မိမိတို့မျှော်မှန်းထားသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး တိုင်းရင်းသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တင့်တင့်တယ်တယ် ဝင့်ဝင့်ထည်ထည် တည်တံ့နေစေရေးအတွက် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား ပြည်ထောင်စုဖွား သွေးချင်း များအားလုံး ဥမကွဲသိုက်မပျက် ခိုင်မြဲစွာလက်တွဲလျက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် လေးလေးနက်နက် တိုက်တွန်းနှိုးဆော်လျက် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို ပေးပို့အပ်ပါ သည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ