ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၏ (၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  ၂၇  ဩဂုတ် 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်များ၏  (၁၉)ကြိမ်မြောက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်၊ တရားရုံးများသည် အများပြည်သူ တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှု လက်လှမ်းမီရေးနှင့် ဥပဒေဆိုင်ရာကုစားမှုများ ကြန့်ကြာမှု မရှိစေရေးအတွက် တရားစီရင်ရေး လုပ်ငန်းများကို ရပ်ဆိုင်းခြင်းမပြုဘဲ ဆောင်ရွက်ရာတွင် အမှုသည်များ၊ ရှေ့နေများအပါအဝင် တရားရုံးအသုံးပြုသူများ၏ အခက်အခဲများကို အတတ်နိုင်ဆုံးဖြေလျှော့နိုင်ရန်နှင့် တရားရုံး လာရောက်သူများနှင့် တာဝန်ထမ်းဆောင်သည့် တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများကို ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် မှုခင်းဆောင်ရွက်မှု နည်းလမ်းများကို ဥပဒေနှင့်အညီ သတ်မှတ် ဆောင်ရွက်ရန်၊ ရောဂါပြန့်ပွားမှု အခြေအနေသည် ဒေသတစ်ခုနှင့်တစ်ခု ကန့်သတ်မှုတို့ ကွဲပြားနိုင်သည့် အတွက် မိမိတို့အခြေအနေနှင့် ကိုက်ညီအောင် ဆောင်ရွက်ရန်၊ တရားရုံးများ၏ မှုခင်းသတင်း အချက်အလက်များ၊ ကြေညာချက်များကို သတ်မှတ်ချက်များနှင့်အညီ လူမှုကွန်ရက်များ အသုံးပြု၍  အများပြည်သူသိရှိအောင် ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 

mdn

 

ဆက်လက်၍ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးအတွက် တရားမကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ရေးဆွဲပြီး ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေမှု၊ လူမွဲခံယူ ခြင်းဆိုင်ရာအမှုများအား စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်များအပ်နှင်းခြင်း၊ လူမွဲခံယူခြင်းဆိုင်ရာ နည်းဥပဒေများ ထုတ်ပြန်ခြင်းနှင့် နိုင်ငံခြားတရားရုံးများ၏ စီရင်ချက်များ အသိအမှတ်ပြုခြင်း၊ အတည်ပြုခြင်းအတွက် လျှောက်ထားလာမှုများ၊ အမှုတွဲမိတ္တူကူးခြင်း၊ သက်သေခံပစ္စည်းစီမံခန့်ခွဲခြင်းတို့ကို ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် မှာကြားသည်။ 

ယခုအစည်းအဝေးသည် ပုံမှန်ပြုလုပ်နေကျ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကာလတွင် တရားစီရင်ရေး၏ လက်ရှိ တုံ့ပြန်ဆောင်ရွက်မှုနှင့် ကြိုတင်ပြင်ဆင်ရန်လုပ်ငန်းများကို ဆွေးနွေးနိုင်ရန် ကျင်းပခြင်းဖြစ်သည်။ 

အစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူးများ တက်ရောက်ကြပြီး၊ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့က အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ကြပြီး အစည်းအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

11