ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ  ၅
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာချာလီသန်းသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ရှိ အမှတ် (၁) အထည်စက်ရုံ  (ရွှေတောင်) သို့ ရောက်ရှိပြီး ချည်များအထည်ရက်လုပ်ခြင်းနှင့် ဆေးဆိုးပန်းရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ ရိုးရာရက်ကန်းစင်ဖြင့် အထည်များရက်လုပ်နေမှု၊ ဝါကြိတ်စက်များနှင့် ကုန်ချော၊ ကုန်ကြမ်းသိုလှောင်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး စက်ရုံရှိ ဝါကြိတ်စက်များ၊ ချည်ထုတ်လုပ်သည့်စက်များ၊ အထည်ရက်လုပ်ခြင်း၊ ဆေးဆိုးပန်းရိုက်ခြင်း စသည့်လုပ်ငန်းများကို စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ဝါဂွမ်းမှ အထည်လိပ်ဖြစ်သည်အထိ ဆောင်ရွက်ရသည့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် ပါဝင်ဆောင်ရွက်နေသူများ အလုပ်အကိုင် အခွင့်အလမ်းရရှိ၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် အလေးထား စီမံဆောင်ရွက်ရန်၊ ပြည်တွင်းမှ ထွက်ရှိသည့် ဝါများကို ပြည်ပသို့တိုက်ရိုက်တင်ပို့ခြင်းထက် ဝါကြိတ်စက်များဖြင့် ကြိတ်ခွဲပြီး ဝါဂွမ်းမှချည်မျှင်များ ထုတ်လုပ်တင်ပို့လျှင် ပိုမိုအကျိုးအမြတ် ရရှိမည်ဖြစ်၍ ကြိုးစားဆောင်ရွက်ရန်နှင့် ထုတ်ကုန်အရည်အသွေး ကောင်းမွန်ရန်အတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက်တွင် စစ်ဆေးရမည့် နေရာများသတ်မှတ်၍ စစ်ဆေးဆောင်ရွက်ရန်၊ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် လိုအပ်သော စက်အရန် ပစ္စည်းများနှင့် ကုန်ကြမ်းများကို အချိန်မီရရှိအောင် စီမံဆောင်ရွက်ပေးရန်၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုများကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) သည် ကောင်းမွန်သည့် အစဉ်အလာများ ရှိပြီးဖြစ်၍ စက်ရုံတိုးတက်အောင်မြင်စေရေးအတွက် တွေ့ကြုံရမည့် စိန်ခေါ်မှုများကို စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်တွင်းကြီးမြို့ရှိ ဝါကြိတ်စက်ရုံ (တောင်တွင်းကြီး) သို့ ရောက်ရှိပြီး စက်များစမ်းသပ် လည်ပတ်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ ယခုနှစ် ဝါရာသီတွင် အပြည့်အဝ ကြိတ်ခွဲနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရန်၊ လိုအပ်မည့် စက်အရန်ပစ္စည်းများကို ဝယ်ယူဖြည့်ဆည်းထားရန်နှင့် ဝါကြိတ်စက်များကို တစ်ပတ်လျှင်တစ်ကြိမ် ဝန်မဲ့စမ်းသပ်လည်ပတ်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်

mdn