ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ဝါကြိတ်စက်ရုံများ၊ ဆီစက်လုပ်ငန်းများ ကြည့်ရှုစစ်ဆေး 

နေပြည်တော်၊ ဧပြီ ၂၅
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့ရှိ စန်းသီရိဝါကြိတ်စက်ရုံနှင့် ဝါစေ့ဆီထုတ်လုပ်သည့်လုပ်ငန်းသို့ ရောက်ရှိပြီး ဝါများကြိတ်ခွဲနေမှု၊ ဝါစေ့ဆီထုတ်လုပ်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ ဝါကြိတ်စက်ရုံ (တောင်တွင်းကြီး) သို့ ရောက်ရှိပြီး စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့ရှိ ရွှေပြည်သာမြေပဲခွဲစက်၊ ဆီစက်၊ မြေပဲဆားလှော်လုပ်ငန်းသို့ ရောက်ရှိပြီး လုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကာ ပြည်ထောင်စုဝန်ကြီးက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် အရည်အသွေး ကောင်းမွန်သည့် ဆီများထုတ်လုပ်ရန်၊ ဆီသန့်စင်စက်ရုံကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆီစက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မကွေးတိုင်းဒေသကြီးအတွင်းရှိ  ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများကိုသိရှိပြီး လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရေးရည်ရွယ်၍ လုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီးဖြင့် စကားဝိုင်း ဆွေးနွေးပွဲပုံစံဖြင့် တွေ့ဆုံဆွေးနွေးလိုခြင်းဖြစ်ကြောင်း၊ စားသုံးဆီထုတ်လုပ်မှု Supply Chain တစ်လျှောက်ကို လေ့လာကြည့်လျှင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့၏ စိုက်ဧက တိုးချဲ့ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ အရည်အသွေးပြည့်မီသော ဆီထွက်သီးနှံများ ထွက်ရှိရေး စသည်တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း၊ ထွက်ရှိလာသော ဆီထွက်သီးနှံများကို အရည်အသွေးမြင့်မားသည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် ဆီစက်လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။   
ယခုဆွေးနွေးပွဲ၌ စားသုံးဆီထုတ်လုပ်မှုမြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် ဖြည့်ဆည်း ပေးရမည့် အချက်များ၊ မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးပေးရမည့်ကိစ္စရပ်များကို လုပ်ငန်းရှင်များမှ တင်ပြပေးစေလိုကြောင်း၊ သို့မှသာ မိမိတို့အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို ကောင်းစွာသိရှိဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် ဆီထွက်သီးနှံ (နှမ်း၊ မြေပဲ၊ နေကြာ) စိုက်ပျိုးခြင်းအတွက် တစ်နိုင်ငံလုံးတွင် ဇုန် (၇) ခုသတ်မှတ်ပြီး တိုးချဲ့စိုက်ပျိုးသွားရန် စီမံဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးတွင် ဇုန် (၂) ခုပါဝင်ပြီး စိုက်ပျိုးဧက (၁၃) သန်း လျာထား ဆောင်ရွက်လျက် ရှိကြောင်း၊  ထို့ကြောင့် မကွေးတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို တိုးချဲ့စိုက်ပျိုးသွားမည်ဆိုပါက ဆီစက်အရေအတွက်နှင့် စက်များ၏ ထုတ်လုပ်နိုင်မှု စွမ်းအားမြှင့်တင်ရန် လိုအပ်သဖြင့် အရည်အသွေးပိုင်းတွင်လည်း စံချိန်စံညွှန်းများနှင့် ကိုက်ညီသော စားသုံးဆီများ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆီအိုးကြီးဟု သတ်မှတ်ထားသည့် မကွေးတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးပြီး စားသုံးဆီများ တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပြီး ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုဖန်တီး‌ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ယခုတွေ့ဆုံဆွေးနွေးပွဲတွင် မိမိတို့၏ လိုအပ်ချက်များနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း၌ ဧက (၃၁) သိန်းခန့် စိုက်ပျိုးနိုင်ပြီး ယာဧကသည် (၂၂) သိန်းခန့်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးမှ တစ်နှစ်လျှင် ဆီတန်ချိန်ပေါင်း (၁၈၀၀၀၀) ခန့် ထွက်ရှိပြီး ဒေသတွင်းမှ တန်ချိန် (၀ဒသမ၆) သိန်းသာ အသုံးပြုလျက်ရှိပြီး ကျန်ပိုလျှံဆီများကို အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ယခုဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များမှ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဆီစက်လုပ်ငန်းရှင်များက ဆီထွက်သီးနှံများ ကြိတ်ခွဲ၍ စားသုံးဆီထွက်ရှိမှု အခြေအနေ၊ ကုန်ကြမ်းရရှိမှု အခြေအနေ၊ ဈေးကွက်အခြေအနေ၊ ပြည့်ဝသည့် စားသုံးဆီများ စားသုံး နိုင်ရေးအတွက် ပြည်သူများသို့ အသိပညာပေးရေး ကိစ္စတို့ကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ လုပ်ငန်းရှင်များ၏ တင်ပြချက် တစ်ချက်ခြင်းအပေါ် အသေးစိတ်ပြန်လည်ရှင်းဖြေကြားကာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းတာဝန်များကို လက်တွေ့ကျကျ ပေါင်းစပ်ဆောင်ရွက်ပေးရန် ပြောကြားပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စလေမြို့ရှိ သိန်းဌေးဝါကြိတ်စက်နှင့် ဝါစေ့ဆီစက်ရုံသို့ ရောက်ရှိပြီး ဝါကြိတ်ခွဲနေမှု၊ ဝါစေ့ဆီထုတ်လုပ်နေမှု၊ ထုတ်လုပ်ပြီး ဝါစေ့ဆီများအား သန့်စင်နေမှု အခြေအနေတို့ကို လှည့်လည်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်

mdn