ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်

နေပြည်တော် ၂  ဇန်နဝါရီ

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် ပျဉ်းမနားမြို့ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံကောင်းရန်အတွက် ပညာရေး စနစ်ကောင်းရန် အရေးကြီးပါကြောင်း၊  ပညာရေးစနစ် ကောင်းမွန်ရေးအတွက် အရည်အသွေးရှိသော ပညာရေးစနစ်သို့ ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုကာလအတွင်း အားသာချက်များကို ပိုမိုအားကောင်းရေး၊ အားနည်းချက်များကို ပြန်လည်သုံးသပ်၍ အားကောင်းရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မတ် ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ စာမေးပွဲမေးခွန်း၊ အဖြေလွှာ၊ စာစစ်လုပ်ငန်း၊ အောင်စာရင်းလုပ်ငန်းများ လုံခြုံမှုရှိစေရေး၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာစစ် လုပ်ငန်းများကို ဘာသာရပ် နှင့်ကိုက်ညီသော အထက်တန်းပြဆရာဆရာမများကို တာဝန်ပေးသွားမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အကျိုးရှိထိရောက်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာတက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပြီး စာစစ်လုပ်ငန်းဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်ဆရာမများ၊ အသက်အရွယ်ကြီးသော ဆရာ ဆရာမများ၊ ကျန်းမာရေးမကောင်းသော ဆရာဆရာမများ၊ ဘာသာရပ်နှင့် မကိုက်ညီသော အထက်တန်းပြ ဆရာဆရာမများကို စာစစ်တာဝန်ပေးခြင်း မပြုရန်လိုအပ်ကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပညာရေးလုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန်စည်းကမ်းချက်များကို ဆွေးနွေးပို့ချကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည်များကို  ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ နေပြည်တော်နှင့် တိုင်းဒေသကြီးပြည်နယ်များမှ ဆရာဆရာမ စုစုပေါင်း ၇၃၉ ဦး တက်ရောက်ကြသည်။

 

သတင်းစဉ်