ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီ အတွေ့အကြုံရှင်းလင်းပွဲသို့ တက်ရောက်ဆွေးနွေး

နေပြည်တော်   ၂၃   သြဂုတ်

အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံရှင်းလင်းပွဲအား ယနေ့မွန်းလွဲ ၂ နာရီက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဘွဲ့ နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ပညာရေးသည် (Industrial Revolution-IR 4.0) ၏ စိန်ခေါ်မှုနှင့် တွေ့ကြုံနေရပါကြောင်း၊ တက္ကသိုလ်များတွင် သင်ရိုးညွှန်းတမ်းကို ပေါင်းစပ်ဘာသာရပ် နယ်ပယ်များအဖြစ် (Industrial Revolution-IR 4.0) နှင့် လိုက်လျောညီထွေ ပြင်ဆင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဘာသာရပ်နယ်ပယ်များတွင် IoT, Big data analysis, cyber-physical systems or robotics တို့နှင့် ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ တက္ကသိုလ်များတွင် ပေါင်းစပ်ဘာသာရပ် နယ်ပယ်များအတွက် စကားဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ (Industrial Revolution-IR 4.0) နှင့် ပတ်သက်သော အခမ်းအနားများကျင်းပရန် အရေးကြီးပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍမှ တက္ကသိုလ်များ သင်ရိုးညွှန်းတမ်း ပြင်ဆင်ဆောင်ရွက်ရာတွင် မည်သို့ပူးပေါင်းပံ့ပိုးကူညီနိုင်သည်ကို အခြားနိုင်ငံများ၏ အတွေ့အကြုံများကိုလေ့လာ၍ ဆောင်ရွက်သင့်ပါကြောင်း။

ထို့အပြင် အင်္ဂလိပ်ဘာသာစကားနှင့် အိုင်စီတီကျွမ်းကျင်အောင် လေ့ကျင့်ပေးရန်၊ အသုံးချ သုတေသနများ တိုးမြှင့်ဆောင်ရွက်ရန်၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု နည်းလမ်း၊ အရည်အသွေးအာမခံမှု၊ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ငါးမွေမြူရေး၊ ရေနှင့်သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးဥပဒေ၊ နိုင်ငံတကာဥပဒေ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု၊ နိုင်ငံတကာဆက်ဆံရေး၊ နိ်ုင်ငံရေး၊ သိပ္ပံ၊နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ၊ အခြေခံအဆောက်အဦ (မြို့ပြ၊လျှပ်စစ်)၊ ခရီးသွားလုပ်ငန်း၊ သတ္ထုလုပ်ငန်း၊ စက်မှုဒီဇိုင်း၊ မိုဘိုင်းနည်းပညာ၊ ဒေတာအချက်အလက်၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေး၊ လေကြောင်းနှင့် အာကာသနည်းပညာ၊ ဆိုက်ဘာလုံခြုံရေး၊ ဆက်သွယ်ရေးကွန်ရက်၊ မော်တော်ကား ပြုပြင်ထိန်းသိမ်းခြင်း၊ လေယာဉ်ပြုပြင် ထိန်းသိမ်းခြင်း၊ သက်ကြီးစောင့်ရှောက်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုပညာရပ်များကိုလည်း ထည့်သွင်းလေ့ကျင့် သင်ကြားပေးနိုင်ရန် လိုအပ်ပါကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပါမောက္ခချုပ်များ ကော်မတီအတွေ့အကြုံ ရှင်းလင်းပွဲအား အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။

ယနေ့အခမ်းအနားသို့ အမျိုးသားပညာရေး ပညာရေးမူဝါဒ ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာဆရာမများ၊ ဌာနမှူးများ၊ ဆရာသမဂ္ဂ ကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြကြောင်းသတင်းရရှိသည်။

(သတင်းစဉ်)