ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မွန်ပြည်နယ် အခြေခံစာတတ်မြောက်ရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု

ရန်ကုန် ၂၉ ဧပြီ

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် ဧပြီ ၂၈ ရက် ညနေပိုင်းတွင် သထုံမြို့ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းနှင့် မော်လမြိုင်မြို့ အမှတ (၆) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် Grade 2 သင်ရိုးသစ် နည်းပြသင်တန်းမှ သင်တန်းသား/ သင်တန်းသူ ဆရာ၊ ဆရာမများနှင့်လည်းကောင်း၊ မော်လမြိုင်ပညာရေးကောလိပ်မှ သင်တန်းသား /သင်တန်းသူများနှင့် လည်းကောင်း တွေ့ဆုံခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက်ပိုင်းတွင်  မွန်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံကအခြေခံပညာမူလတန်းကျောင်း စာသင်ဝိုင်း၊ မိုးနိုင်းအခြေခံ ပညာမူလတန်းကျောင်း စာသင်ဝိုင်း၊ ဥတ္တံတား (အတွင်း) အခြေခံပညာမူလတန်းကျောင်း စာသင်ဝိုင်း၊ အင်းဝိုင်း အခြေခံပညာ မူလတန်းကျောင်း စာသင်ဝိုင်း၊ ပန်းကုန်း (မွန်) အခြေခံပညာ အလယ်တန်းကျောင်း စာသင်ဝိုင်း၊ သထုံမြို့နယ် ငုတ္တို အခြေခံပညာ မူလတန်းကျောင်း စာသင်ဝိုင်းနှင့် ကရင်လေးဆိပ် အခြေခံပညာ မူလတန်းကျောင်း စာသင်ဝိုင်းများသို့ သွားရောက်၍ အခြေခံစာတတ်မြောက်ရေး လုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုကြပြီး ဗလာစာအုပ်များနှင့် စာရေးကိရိယာများအား ပေးအပ်သည်။

မွန်ပြည်နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို ဧပြီ ၉ ရက်မှ မေ ၁၈ ရက်အထိ ရက်ပေါင်း (၄၀) သင်ကြားပေးလျက်ရှိရာ မွန်ပြည်နယ် ပေါင်မြို့နယ်တွင် စာသင်ဝိုင်း (၁၃၄) ဝိုင်းမှ စာ သင်သားဦးရေ (၁၃၃၇) ဦးအား မော်လမြိုင်တက္ကသိုလ်မှ ကြီးကြပ်၊ နည်းပြ (၂၁၈) ဦးဖြင့် လည်းကောင်း၊ မွန်ပြည်နယ် သထုံမြို့နယ်တွင် စာသင်ဝိုင်း (၂၅) ဝိုင်းမှ စာသင်သား (၂၆၆) ဦးအား မော်လမြိုင် တက္ကသိုလ်မှ ကြီးကြပ်၊ နည်းပြ (၄၇) ဦးဖြင့်လည်းကောင်း သင်ကြားပေးလျက်ရှိသည်။

၂၀၁၈ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင် စာသင်ဝိုင်း (၅၂၃) ဝိုင်းဖြင့် စာသင်သားဦးရေ (၅၂၆၂) ဦးအား ကြီးကြပ်၊ နည်းပြ စုစုပေါင်း (၁၀၂၂) ဦးဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)