ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ

နေပြည်တော် ၂၉ ဇူလိုင်

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတိုးတက်ရေးအတွက် မိမိတို့ လူငယ်တွေ ပညာလမ်း ဆက်လျှောက်နိုင်ဖို့ ခြေလှမ်းတွေမပျက်အောင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ မိဘ၊ အစိုးရအားလုံး ဝိုင်းပြီးရုန်းရမဲ့အချိန်ပါ၊ အင်အားတွေဖြည့်ကြပါ၊ ကမ္ဘာ့ပညာရေး အဆင့်မြင့်ဆုံးနိုင်ငံအချို့မှာလို မိမိတို့နိုင်ငံမှာလည်း အစိုးရကျောင်းတွေက အကောင်းဆုံးပညာသင်ပေးနိုင်တဲ့ အခြေအနေကို ရောက်ရှိစေချင်ကြောင်း ဟု လမ်းညွှန်မှာကြားထားပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်၍ လုံခြုံဘေးကင်းပြီး သင်ယူမှု မဆုံးရှုံးစေရေးအတွက် အလေးထား စီမံဖြေရှင်းဖြည့်ဆည်း ဆောင်ရွက်ပေးနေပါကြောင်း၊ ဆရာဆရာမများအနေဖြင့် ကျောင်းများအားလုံးတွင် လုံခြုံဘေးကင်းရေး၊ ကျောင်းထွက်မှု အနည်းဆုံးဖြစ်ရေး၊ သင်ယူတတ်မြောက်မှု ပြည်လည်ကောင်းမွန်လာရေးတို့ကို စဉ်ဆက်မပြတ် အဆင့်ဆင့်စီမံကြီးကြပ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် တားဆီးရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံဘေးကင်းသည့် အခြေခံပညာအထက်တန်း အဆင့်သင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး ဇူလိုင် ၁၇ ရက်မှစ၍ ဆက်စပ်ဦးစီးဌာနများနှင့် ပူးပေါင်း၍ကော်မတီများ ဖွဲ့စည်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်း ဆန်းစစ်ပုံစံ (Check List) များဖြင့် ဆန်းစစ်စိစစ် အကဲဖြတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတွင် စာရင်းရှိအခြေခံပညာ အထက်တန်းအဆင့်ကျောင်း စုစုပေါင်း (၇၁၇၃)ကျောင်း ရှိသည့်အနက် ဇူလိုင် ၂၀ ရက်တွင် ကျောင်းပြန်လည်ဖွင့်လှစ်ရန် အဆင်သင့် (A အဆင့်) ဖြစ်ခဲ့သဖြင့် ဇူလိုင် ၂၁ ရက်၌ စတင်ဖွင့်လှစ်ခဲ့သည့်ကျောင်း စုစုပေါင်း (၃၇၇၂)ကျောင်း၊ ဇူလိုင် ၂၁ ရက်တွင် ထပ်မံအဆင်သင့် (A အဆင့်)ဖြစ်သည့် ကျောင်း (၂၂၇)ကျောင်းဖြစ်သဖြင့် ဇူလိုင် ၂၂ ရက်မှ စ၍ ဖွင့်လှစ်လျက်ရှိသည့်ကျောင်း စုစုပေါင်း (၃၉၉၉)ကျောင်း ရှိပါကြောင်း။

 

ကိုဗစ်-၁၉ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါကြောင့် ပိုမိုထောက်ပံ့ပေးရန် လိုအပ်လာပါသဖြင့် ယခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အထက်တန်းကျောင်းသား ကျောင်းသူအားလုံးတို့ကို ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ(၂)ချောင်း၊ ဘောပင်(၂)ချောင်းစီ အခမဲ့ဖြန့်ဝေရန်လည်း စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားဦးရေ စုစုပေါင်း (၁ ဒသမ ၁)သန်းဝန်းကျင်ရှိပြီး တစ်ပတ်ခြား ကျောင်းတက်ရခြင်း ဖြစ်သဖြင့် နေ့စဉ်ကျောင်းတက်သည့် ကျောင်းသားဦးရေမှာ (၆)သိန်းဝန်းကျင်ရှိပါကြောင်း။

 

(B အဆင့်) နှင့် (C အဆင့်)တို့အား ထပ်မံဆန်းစစ်စိစစ် အကဲဖြတ်ခဲ့ရာတွင် ဇူလိုင် ၂၃ ရက်၌ အဆင်သင့် (A အဆင့်) ဖြစ်သည့် ကျောင်း (၁၁၄၀) ကျောင်းရှိပါကြောင်း၊ ဇူလိုင် ၂၇ ရက်၌ အဆင်သင့် (A အဆင့်) ဖြစ်သည့်ကျောင်း (၂၄၅)ကျောင်းတို့၏ ဇူလိုင် ၂၇ ရက်၌ ထိုကျောင်းအမည်စာရင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ပူးတွဲပေးပို့၍ ပေါင်းစပ်စိစစ်အကဲဖြတ် အတည်ပြုနိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

(B အဆင့်) နှင့် (C အဆင့်) တို့အား ထပ်မံဆန်းစစ်စိစစ်အကဲဖြတ်ခဲ့ရာတွင် အဆင်သင့်(A အဆင့်) ဖြစ်သည့် ကျောင်း (၁၃၈၅) ကျောင်း ရှိပါကြောင်း၊ ကျန်ရှိနေသော (B အဆင့်) နှင့် (C အဆင့်) ကျောင်းများကိုလည်း အမြန်ဆုံးပေါင်းစပ်ဖြည့်ဆည်းပေးရန်နှင့် ပြန်လည် ဖွင့်လှစ်ခွင့်ပြုချက် ရရှိရေးအတွက် စစ်ဆေးအကဲဖြတ်၍ ပြန်လည်တင်ပြရန် အလေးထား ဆောင်ရွက်စေလိုပါကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပြုစုထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး ဆရာဆရာမများ၊ မိဘများနှင့် ကျောင်းသား ကျောင်းသူများ လိုက်နာရမည့်အချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

255

 

အဆင်သင့်ဖြစ်၍ ပြန်လည်ဖွင့်လှစ်သော ကျောင်းများအားလုံးတို့တွင်လည်း နေ့စဉ် SOP, ညွှန်ကြားချက်များ တိကျစွာ ဆက်လက်လိုက်နာရန်၊ ကျောင်းအဆင့် ကြီးကြပ်ဆန်းစစ်ရေးအဖွဲ့များ ဖွဲ့စည်း၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်း ဆန်းစစ်ပုံစံ (Check List)များဖြင့် နေ့စဉ်ကြီးကြပ်ဆန်းစစ်ရန်၊ ဆန်းစစ်တွေ့ရှိချက်များ ပေါ်မူတည်၍ လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းနိုင်ရေး ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးရန်၊ ကျောင်းချိန်အတွင်း ကိုယ်ပူချိန်မြင့်မားခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း စသည့် သံသယလက္ခဏာများတွေ့ရှိသူ ပေါ်ပေါက်လာပါက လမ်းညွှန်ချက်များနှင့်အညီ တာဝန်ယူဆောင်ရွက်ပေးရန်၊ ကျောင်းအလိုက် ဖျားနာသူ (ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ ဝန်ထမ်း)မရှိပါက မရှိကြောင်း (Zero Reporting) အား ကျောင်းဆင်းချိန်တွင် သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် မြို့နယ် ကြီးကြပ်ဆန်းစစ်အဖွဲ့သို့ နေ့စဉ်ပေးပို့ရန်၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့လည်းကောင်း၊ အထက်အဆင့်ဆင့် သို့လည်းကောင်း အချိန်နှင့်တစ်ပြေးညီတင်ပြရန်၊ ဆန်းစစ်တွေ့ရှိချက်များကို အဖွဲ့မှ နေ့စဉ်၊ အပတ်စဉ်ပြန်လည်သုံးသပ်၍ မြို့နယ်အဆင့် ကြီးကြပ်ဆန်းစစ်ရေးအဖွဲ့သို့ အပတ်စဉ်ပုံမှန်တင်ပြရန်၊ မြို့နယ်အဆင့် ကြီးကြပ်ဆန်းစစ်ရေးအဖွဲ့၊ မြို့နယ်အတွင်းရှိ ကျောင်းများသို့ လှည့်လည်ကြီးကြပ် ဆန်းစစ်နိုင်မည့် အဖွဲ့ငယ်များ၊ နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ပြည်နယ် အဆင့်ကြီးကြပ်ဆန်းစစ်ရေးအဖွဲ့၊ နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ လှည့်လည်ကြီးကြပ် ဆန်းစစ်နိုင်မည့် အဖွဲ့ငယ်များဖွဲ့စည်း၍ နေ့စဉ် ညနေတိုင်း အဆင့်ဆင့်ပေးပို့တင်ပြရန်၊ ဝန်ကြီးရုံးမှ ဖွဲ့စည်းနိုင်ရေးပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန်၊ အခက်အခဲ၊ ပြဿနာများ ပူးပေါင်းဖြေရှင်းရန် လိုပါကြောင်း။

 

ကိုဗစ်-၁၉ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ၏ အခြေအနေအရ အထက်တန်းအဆင့် ကျောင်းဖွင့်လှစ်ရာတွင် တွေ့ကြုံရမည့် လိုအပ်ချက်၊ အားနည်းချက်များကို ပြင်ဆင်ပြီးမှသာ အလယ်တန်းနှင့် မူလတန်းများအား တစ်ဆင့်ချင်းစီ ဆက်လက် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နောက်ဆုံးဖွင့်လှစ်သည့် အထက်တန်းကျောင်း ဖွင့်သည့်ရက်မှ (၁)လ အကြာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုမရှိမှသာ အခြေခံ ပညာအလယ်တန်း အဆင့်ကျောင်းများဖွင့်လှစ်ရန် လျာထားပါကြောင်း၊ နောက်ဆုံး ဖွင့်လှစ်သည့်အထက်တန်းအဆင့် ကျောင်းဖွင့်သည့်ရက်မှ ရက်သတ္တပတ်(၃)ပတ်အတွင်း အခြေခံပညာအလယ်တန်းအဆင့် ဖွင့်လှစ်ရန်သတ်မှတ်သော ကျောင်းများအား ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက Check list (၈၀)ချက်နှင့် ကိုက်ညီခြင်း ရှိ/မရှိ စစ်ဆေးသွားရန်နှင့် စစ်ဆေးတွေ့ရှိချက်အား တင်ပြရမည်ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ထားကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ ပညာသင်ယူမှု အခွင့်အလမ်းမဆုံးရှုံးစေရေးအတွက် စုပေါင်းအားဖြင့် ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း  ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့က ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆောင်ရွက်ခြင်း၊ သင်ကြားသင်ယူမှု ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ စဉ်ဆက်မပြတ်အဆင့်ဆင့် စီမံကြီးကြပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်