ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပဲခူးမြို့ရှိ ကျောင်းများတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု

နေပြည်တော် ၉ မတ်

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်၊ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်း တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေကြသည့် စာစစ်ဌာနများသို့ ရောက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ (သင်္ချာဘာသာရပ်) ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုသည်။

 

 

 

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျောင်းသား ကျောင်းသူများ သင်္ချာဘာသာရပ် ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား ကျောင်းသား ကျောင်းသူများ စာမေးပွဲကာလ အတွင်း စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေးနှင့် စာမေးပွဲစည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။

 

ပဲခူးတိုင်းဒေသကြီး၌ စာစစ်ဌာနပေါင်း(၁၄၂)ခုတွင် ကျောင်းသား ကျောင်းသူ (၇၄၃၁၄)ဦး စာရင်းပေးသွင်းကြပြီး (၆၉၂၉၇)ဦး ဝင်ရောက်ဖြေဆိုကြကာ ပျက်ကွက်သူ ဦးရေ(၅၀၁၇)ဦး ရှိသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ ၉၃ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)