ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

နေပြည်တော်  ၁၇  ဒီဇင်ဘာ

 

မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်က ခေတ်ကာလအခြေအနေ၊ ကျန်းမာရေးအခြေအနေများနှင့်အညီ ရေးဆွဲခဲ့သော အမျိုးသားကျန်းမာရေးမူဝါဒ ရှိခဲ့ပါကြောင်း၊ ယခုပြောင်းလဲလာသော ကျန်းမာရေး အခြေအနေများ၊ ဘဏ္ဍာငွေနှင့် ရန်ပုံငွေရရှိမှုများ၊ ဆေးပညာနည်းစနစ်များ၊ စက်ပစ္စည်း ကိရိယာများ၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်အခြေအနေများ၊ နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲမှုများ အပါအဝင် ခေတ်ကာလ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီမှုရှိအောင် အမျိုးသားကျန်းမာရေးမူဝါဒကို ပြန်လည်ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး ဦးဆောင်ကော်မတီ၊ အကြံပေး ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်းခဲ့ပြီး အစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ကာ မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး (မူကြမ်း)ကို ရေးဆွဲခဲ့ပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးကဏ္ဍနယ်ပယ် အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားပညာရှင်ကြီးများ၊ လက်ရှိတာဝန်ထမ်း ဆောင်နေသူများ၊ လက်တွေ့မြေပြင်တွင် လုပ်ငန်းဆောင်ရွက်နေသူများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အလှူရှင် အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ကျန်းမာရေးကဏ္ဍလုပ်ငန်းများတွင် ဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများ စသည့် နှီးနွှယ်ဆက်စပ် အဖွဲ့အစည်းများထံမှ ဆွေးနွေးအကြံပြုချက်များကို ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

အမျိုးသား ကျန်းမာရေးမူဝါဒကို ပြန်လည်ရေးဆွဲရာတွင် မူဝါဒဦးတည်ချက်၊ ရည်မှန်း ချက်ပန်းတိုင်၊ အလေးပေးဆောင်ရွက်မည့် လုပ်ငန်းမဏ္ဍိုင်၊ လမ်းကြောင်းချည်းကပ်မှုတို့ နှင့်အတူ လုပ်ငန်းမဟာဗျူဟာ၊ လုပ်ငန်းများအကောင်အထည်ဖော်မှု မူဘောင်၊ ပူးပေါင်း ဆောင်ရွက်မှု မူဘောင်၊ လုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှုဆန်းစစ်မှုစနစ်၊ သုတေသနပြု လုပ် ဆန်းစစ်မှုစနစ်၊ ခိုင်မာတိကျသော ကျန်းမာရေးသတင်းအချက်အလက် စနစ်နှင့် ဘဏ္ဍာ ငွေများကို အကျိုးကြောင်းဆီလျှော်စွာ ခွဲဝေချထားသုံးစွဲမှုစနစ်တို့ ပါဝင်လာမည့်အပြင် ရှေ့လာမည့်ကာလများတွင် ဖြစ်ပေါ်လာနိုင်မည့် ကျန်းမာရေး အခြေအနေများကို မျှော်မှန်း၍ ထည့်သွင်းရေးဆွဲကြမည်ဖြစ်ကြောင်း၊ ထို့ပြင် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇ - ၂၀၂၁)ကို လွှမ်းခြုံချိတ်ဆက်မိရန်နှင့် မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်စီမံကိန်း (၂၀၁၈ - ၂၀၃၀)တွင် ပါဝင်သော အကြောင်းအရာများကို မှီငြမ်းဆောင်ရွက်ကြရမည် ဖြစ် ကြောင်း၊ ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက်လုပ်ငန်းများမှ လုပ်ငန်းသဘောတူညီ ချိတ်ဆက် မှုရှိသည်များကို ပေါင်းစပ်ချိတ်ဆက်၍ ဆောင်ရွက်ခြင်းဖြင့် ဘဏ္ဍာငွေ၊ လူ့စွမ်းအားအရင်း အမြစ်များကို ပိုမိုအကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခု ဆွေးနွေးပွဲမှ ထွက်ပေါ်လာသော အကြံပြုချက်များဖြင့် အမျိုးသားကျန်းမာရေးမူဝါဒကို အမြန်ဆုံးပြန်လည်ရေးဆွဲကာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ဆန်းစစ်သုံးသပ်နိုင်ရေး လုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ်(ပြည်သူ့ကျန်းမာ) ဒေါက်တာ ထင်လင်းက မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေးအတွက် ခြုံငုံ တင်ပြရာ အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး လုပ်ငန်းကော်မတီနှင့် လုပ်ငန်း အဖွဲ့ဝင်များက အဖွဲ့လိုက် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ကြသည်။

 

သတင်းစဉ်