ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများအားလက်ခံ

နေပြည်တော်  ၉ မေ

 

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့် အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ မွန်းလွဲပိုင်းတွင် အလှူရှင်များ၏ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လှူဒါန်းမှုများအား နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစည်းဝေးခန်းမ၌ လက်ခံသည်။

 

ရှေးဦးစွာ အလှူရှင်များကိုယ်စား ဆေးတက္ကသိုလ်(၁)ရန်ကုန် ၁၂/၂၀၀၃ ကျောင်းသား/သူ ဟောင်းတစ်ဦးက လှူဒါန်းရသည့် အကြောင်းအရင်းကို ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ လှူဒါန်းမှုများသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား ရှေ့တန်းမှဆောင်ရွက်နေသည် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများအတွက် များစွာပံ့ပိုးမှု ရရှိစေနိုင်မည် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခန်း ကဏ္ဍသည် အရေးကြီးပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်မှုများနှင့် လှူဒါန်းမှုများသည် မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို အောင်မြင်ကျော်လွှားနိုင်ကာ ပုံမှန်အခြေအနေသို့ ရောက်ရှိစေရေး ဆောင်ရွက်နေမှုလုပ်ငန်းများကို များစွာအထောက်အကူပြုပါကြောင်း ပြောကြားသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦးတို့က လှူဒါန်းမှု များအား လက်ခံခဲ့ကြပြီး အလှူရှင်များထံ ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပေးအပ်သည်။ 

 

ယနေ့ လှူဒါန်းမှု၌ ဦးကိုကိုထူး + ဒေါ်စန္ဒာအောင် သား မင်းသီဟထူး၊ သမီး ဆုသီရိထူး (မြန်မာ့စက်မှုဆိပ်ကမ်း - MIP) ဝန်ထမ်းမိသားစုက  ကျပ်သိန်းပေါင်း (၅,၅၅၀) တန်ဖိုးရှိ 3M Mask, Hand sanitizer, Gloves, PPE, Goggles, Thermometer နှင့် Disinfectant spray များကိုလည်းကောင်း၊ (၁၉၆၃)ခုနှစ် ရန်ကုန်ဆေးတက္ကသိုလ် (၁)ဝင် ပြည်တွင်း၊ ပြည်ပရှိ ဆရာဝန်များမှ  ငွေကျပ်သိန်း (၁၀၀) ကိုလည်းကောင်း၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ၁၂/၂၀၀၃ ကျောင်းသား/သူ ဟောင်းများမှ ငွေကျပ် (၆၅) သိန်းကိုလည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ KN95 Mask (၅၀၀) ကိုလည်းကောင်း၊ Sea Lion Co.ltd မှ ကျပ်သိန်းပေါင်း (၇၆၉ ဒသမ ၇၅) တန်ဖိုးရှိ PPE, Surgical gown, Glove, Mask နှင့် Powered air purifying Respirator (PAPR) များကိုလည်းကောင်း၊ လှူးဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်