ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကျန်းမာရေးနှင့်မူးယစ်ဆေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာမူဘောင် မိတ်ဆက်ခြင်းအခမ်းအနား တက်ရောက်

နေပြည်တော်၊ ၁၂ ဇန်နဝါရီ

 

ကျန်းမာရေးနှင့် မူးယစ်ဆေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာမူဘောင် မိတ်ဆက်ခြင်းအခမ်းအနား (Launching ceremony of the National Strategic Framework (NSF) on Health and Drugs) ကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မူးယစ်ဆေးသုံးစွဲမှုများသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သော လူငယ်လူရွယ်များတွင် ပိုမိုများပြားသဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ ကုန်ထုတ်လုပ်မှုစွမ်းအား၊ ပညာရေးကဏ္ဍအပါအဝင် ကဏ္ဍအားလုံးကို အထူး ထိခိုက် ဆုံးရှုံးစေနိုင်ပါကြောင်း၊ ဤ မဟာဗျူဟာမူဘောင်တွင် (၁) မူးယစ်ဆေးသုံးစွဲမှုကို ကာကွယ်တားဆီးရေး၊ (၂) မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်လျှော့ချရေး၊ (၃) အထောက်အထား အခြေပြု မူးယစ် ဆေးစွဲရောဂါ ကုသရေး၊ (၄) ပြန်လည်ထူထောင်ရေးနှင့် လူ့အသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် (၅) ဥပဒေများ၊ မူဝါဒများနှင့် အထောက်အပံ့ဖြစ်စေသော ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရေးတို့အား ဦးစားပေး နည်းဗျူဟာ (၅) ရပ်အဖြစ် ထည့်သွင်းထားရှိပါကြောင်း။

 

ဤမဟာဗျူဟာမူဘောင်ကို အကောင်အထည်ဖော်ရန်လိုအပ်မည့် ဘဏ္ဍာငွေနှင့် ရန်ပုံငွေများကို ရှာဖွေရမည့် နည်းပုံစံများနှင့် ရရှိလာပါက ဦးစားပေးနည်းဗျူဟာ (၅) ရပ်အတွက် ကျိုးကြောင်း ဆီလျှော် စွာဖြင့် မည်သို့ခွဲဝေ ချထားသုံးစွဲမည်တို့ကိုလည်း ယခုအချိန်မှစတင်၍ သုံးသပ်စဉ်းစားထားရ မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့အပါအဝင် နှီးနွှယ်ဆက်စပ်ဝန်ကြီး ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည်အရေးကြီးပြီး ဌာန/ အဖွဲ့အစည်းတစ်ခုချင်းစီမှ မဟာဗျူဟာမူဘောင်ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ခံ (focal person) သတ်မှတ်ထားရှိခြင်းနှင့် တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်းတို့ကို အမြန်ဆုံး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

လုပ်ငန်းများ ပိုမိုကောင်းမွန်တိုးတက်စေရေးအတွက် မဟာဗျူဟာမူဘောင်ပါ လုပ်ငန်းများအား အကောင် အထည်ဖော် လုပ်ဆောင်သည့်အခါ လက်တွေ့သုတေသနပြုဆန်းစစ်ခြင်းများကိုလည်း တစ်ပါတည်း မဖြစ်မနေ တွဲဖက်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဤမဟာဗျူဟာမူဘောင်တွင်ပါဝင်သော လုပ်ငန်းများသည် နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်သဖြင့် ဦးဆောင်ကော်မတီ (steering committee) ကိုလည်းဖွဲ့စည်း သွားရန်လိုအပ်ပြီး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုဖြင့် လုပ်ငန်းအဖွဲ့များက ကွန်ရက်ချိတ်ဆက် ဆောင်ရွက် ခြင်းဖြင့် ပိုမိုအောင်မြင်ထိရောက်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အားလုံးကို တစ်ပြိုင်နက် တည်းဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ အမှန်တကယ် နိုင်နင်းစွာလုပ်ဆောင်ရန် ဦးစားပေးစနစ်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို "အဆင့်လိုက်၊ အပိုင်းလိုက်" အဆင့်ဆင့် ဆောင်ရွက်သွားခြင်းပုံစံဖြင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။

 

ဤမဟာဗျူဟာမူဘောင်ကို ဝန်ကြီးဌာနရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ အခြေခံကျန်းမာရေး တက္ကသိုလ်နှင့် ဆေးတက္ကသိုလ် (၅) ခုရှိ လူမှုရေးနှင့်ကာကွယ်ရေးဆေးပညာဌာနများသို့ ပေးပို့ကာ သင်တန်းသား၊ သူများအား ဆွေးနွေးသုံးသပ်မှုများပြုလုပ်စေခြင်းဖြင့် မဟာဗျူဟာမူဘောင်နှင့် ပတ်သက်၍ သင်တန်းသား/သူများ သိရှိနားလည်ကြကာ လုပ်ငန်းခွင်ဝင်ရောက်သည့်အခါ ထိရောက်စွာ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဤမူဘောင်သည် အမျိုးသားအဆင့်မူဝါဒများ၊ အစီအစဉ်များနှင့် နည်းဗျူဟာများကို အားဖြည့်ပေးပြီး နိုင်ငံတကာနှင့်ဒေသတွင်းနိုင်ငံများမှ ကြေညာချက်များ၊ ဆုံးဖြတ်ချက်များ၊ ကတိကဝတ်များနှင့်လည်း ကိုက်ညီမှုရှိကြောင်းကို အသိပေးပြောကြားလိုပါကြောင်း။

 

ဤအမျိုးသား အဆင့်မဟာဗျူဟာမူဘောင်တွင် မူးယစ်ဆေးထုတ်လုပ်မှု လျှော့ချရေး၊ မူးယစ်ဆေးများထိန်းချုပ်ရေးနဲ့ အစားထိုးဖွံ့ဖြိုးရေးစသည့် ကဏ္ဍများပါဝင်ခြင်းမရှိသေးဘဲ အဆိုပါကဏ္ဍများအတွက် သက်ဆိုင်ရာကဏ္ဍ၊ ဝန်ကြီးဌာနများမှ မူဘောင်များ ဆက်လက်ရေးဆွဲ ချမှတ်လုပ်ဆောင်စေလိုပါကြောင်း၊ မူးယစ်ဆေးသုံးစွဲမှုကို တားဆီးကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ယခင်ကကိုယ်တိုင်သုံးစွဲခဲ့ပြီး သုံးစွဲမှု၏ဆိုးကျိုးများကိုသိရှိ ဖြတ်တောက်ခဲ့သူများက အသိပညာပေးခြင်းနှင့် စည်းရုံးပြောကြားခြင်းများ လုပ်ဆောင်ပါက ပိုမိုထိရောက်နိုင်မည်ဖြစ်ပါကြောင်း။

 

မူးယစ်ဆေးသုံးစွဲမှု၏ ဆိုးကျိုးများကို သိရှိတားဆီးသူများ ပိုမိုများပြားလာကာ အချင်းချင်းသတိပေး ပြောဆိုခြင်းအားဖြင့် မူးယစ်ဆေးသုံးစွဲမှု လျော့ကျလာနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်းတွင် (၉.၇) သန်းခန့်ရှိသော အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများတွင် မူးယစ်ဆေး၏ ဆိုးကျိုးများသိရှိကာ မူးယစ်ဆေး တားဆီးကာကွယ်ရေးအသိပညာများ ကြွယ်ဝခြင်းဖြင့် ၎င်းတို့မှတစ်ဆင့် အခြားသူများထံ ပျံ့နှံရောက်ရှိ သွားရန်ကို မိမိတို့ အလေးထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ဤအမျိုးသားအဆင့် မဟာဗျူဟာမူဘောင် ပါလုပ်ငန်းများကို ပါဝင်ဆောင်ရွက်သူများအားလုံးက မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ်အလေးထားကာ လက်တွဲပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်၏ အဖိုးတန်သော လူ့စွမ်းအားအရင်းအမြစ်များအား အတွင်းလှိုက်စားဖျက်ဆီးနေသည့် မူးယစ်ဆေးစွဲမှု ပြဿနာအား ဦးတည်ဖြေရှင်းကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် UNAIDS ၏ Country Director Mr. Oussama Tawil က ကျန်းမာရေးနှင့် မူးယစ်ဆေးဆိုင် ရာအမျိုးသားအဆင့် မဟာဗျူဟာမူဘောင်ရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး The United Nations General Assembly Special Session (UNGASS) on the World Drug Problem in 2016 တွင် “၂၀၃၀ ခုနှစ်၌ မူးယစ်ဆေးသုံးစွဲသူများနှင့် မူးယစ်ဆေးထိုးသုံးစွဲသူများအကြား ခုခံအားကျ ဆင်းမှုကူးစက်ရောဂါနှင့် တီဘီရောဂါသာမက အသည်းရောင်အသားဝါရောဂါနှင့် အခြား ကူးစက်ရောဂါများမှ ကင်းဝေးရေး” ကို မြန်မာနိုင်ငံမှ ကတိကဝတ်ပြုခဲ့ကာ အဆိုပါ ကတိကဝတ်ကို အခြေခံ၍ ဤမဟာဗျူဟာမူဘောင်ကို ရေးဆွဲခဲ့ပါကြောင်း ပြောကြားသည်။ ထို့နောက် ကျန်းမာရေးနှင့် မူးယစ်ဆေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာမူဘောင် ဖြစ်ပေါ် လာပုံအကျဥ်းချုပ်နှင့်  မူးယစ်ဆေးသုံးစွဲခြင်းနှင့် ယင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများသာမက ခုခံအားကျဆင်းမှုရောဂါနှင့် ဆက်နွယ်နေပုံများကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင် က ကျန်းမာရေးနှင့် မူးယစ်ဆေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာမူဘောင် ဖြစ်ပေါ်လာပုံနှင့် ၎င်းမူဘောင်တွင် ပါဝင်သော မဟာဗျူဟာ လမ်းညွှန်ချက် (၅) ရပ်နှင့်ပတ်သတ်၍ ဆွေးနွေးတင်ပြသွားပြီး မဟာဗျူဟာလမ်းညွှန်ချက် တစ်ခုစီအတွက် အဓိက လိုအပ်ချက်/ ကွာဟချက်များနှင့် ရှေ့လာမည့် (၂) နှစ်တာကာလအတွင်း ဆက်လက်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းစုများကို ဆွေးနွေးတင်ပြသည်။

 

မွန်းလွဲပိုင်းတွင် အမျိုးသားအဆင့် မဟာဗျူဟာမူဘောင်၏ ဦးစားပေးနည်းဗျူဟာ (၅) ရပ်အား လက်တွေ့အကောင်အထည်ဖော်ရေးအတွက် ဦးစားပေးလုပ်ငန်းများ၊ ကဏ္ဍအလိုက် ဆောင် ရွက်မည့် ဌာန/ အဖွဲ့အစည်းများ၊ လုပ်ငန်းအလိုက်ဆောင်ရွက်မည့် အချိန်ကာလ သတ်မှတ်ချက်များ၊ လုပ်ငန်းဆန်းစစ်ခြင်း ဆောင်ရွက်ရန် အချက်များအား ချထားသတ်မှတ်ရန်အတွက် ဦးစားပေးနည်းဗျူဟာအလိုက် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက အဖွဲ့ငယ်များဖွဲ့ကာ ဆွေးနွေးခြင်း၊ ဆွေးနွေးချက်များအား တင်ပြခြင်းနှင့် တက်ရောက်လာကြသူများက အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

 

မြန်မာနိုင်ငံရှိမူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အသုံးပြုခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေးနှင့် ဥပဒေဆိုင်ရာ အပြန်အလှန်ဆက်စပ်ဖြစ်ပေါ်နေသည့် နောက်ဆက်တွဲ အကျိုးဆက်များကို ပိုမိုထိရောက်စွာ အရေးယူတုံ့ပြန်နိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် UNAIDS သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့်ပူးပေါင်းကာ ကျန်းမာရေးနှင့် မူးယစ်ဆေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာမူဘောင် ရေးဆွဲခြင်းလုပ်ငန်းကို ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။ အဆိုပါလုပ်ငန်းစဉ်တွင် ထုတ်ဝေထားသည့် စာတမ်းအများအပြားအား ပြန်လည်သုံးသပ်ခြင်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သူများစွာတို့ထံမှ အကြံဉာဏ်များ ရယူခြင် တို့ဖြင့် အချက်အလက်များ စုစည်းတင်ပြထားခြင်း ပါဝင်သည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထူးကုဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မူးယစ်ဗဟိုမှ ရဲမှူးချုပ်နှင့် ရဲမှူးကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဗီဒီယိုကွန်ဖရင့်မှ တက်ရောက်ကြသော နှီးနွှယ်ဝန် ကြီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီသီးမှ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ၊ မူးယစ်ဆေးစွဲကုနှင့်သုတေသနဌာနမှ စီမံချက်မန်နေဂျာနှင့် တာဝန်ခံ ဆရာဝန်များ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့များ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်းနှင့် ပြည်ပ အစိုးရမဟုတ်သော လူမှုရေးအသင်းအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

 

သတင်းစဉ်