ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး မိခင်နို့ စနစ်တကျတိုက်ကျွေးခြင်းလုပ်ငန်းများ မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးကျင်းပ

နေပြည်တော် ၂၆ ဒီဇင်ဘာ

 

မိခင်နို့ စနစ်တကျ တိုက်ကျွေးခြင်းလုပ်ငန်းများ မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မိခင်နို့စနစ်တကျ တိုက်ကျွေးခြင်းသည် ကလေးငယ်များအတွက် အနာရောဂါကင်းဝေးပြီး ကျန်းမာသည့် ဘဝအစကို ပိုင်ဆိုင်ရရှိခြင်း၊ ပုံမှန်ကိုယ်ခန္ဓာနှင့် ဉာဏ်ရည်ကြီးထွားဖွံ့ဖြိုးခြင်း၊ ကိုယ်ခံအားကောင်းမွန်ပြီး ကူးစက်ရောဂါများ ကာကွယ်နိုင်ခြင်း၊ အသက်အရွယ်ကြီးလာသည့်အခါ အဝလွန်ခြင်းနှင့် ဆီးချိုရောဂါဖြစ်ပွားခြင်းတို့ကို လျော့နည်းခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရရှိသည့်အပြင် မိခင်များတွင်လည်း သားမြတ်ကင်ဆာ၊ သားဥအိမ်ကင်ဆာနှင့် သားအိမ်ကင်ဆာများ ဖြစ်ပွားမှုကို လျော့နည်းနိုင်သည့် အကျိုးကျေးဇူးများကို ရရှိပါကြောင်း။

 

မြန်မာနိုင်ငံတွင် လေ့လာဆန်းစစ်မှုများအရ ကလေးငယ်များကို မွေးစမှ အသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းသည် ၅၁ ဒသမ ၂ ရာခိုင်နှုန်းသာရှိပြီး အသက် (၂)နှစ် အောက်ကလေးငယ်များတွင် သွေးအားနည်းရောဂါ ဖြစ်ပွားလျက်ရှိနေသဖြင့် ကလေးငယ် အသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းနှင့် အသက် (၂)နှစ်အရွယ်အထိ ဖြည့်စွက်စာနှင့် မိခင်နို့စနစ်တကျ တိုက်ကျွေးခြင်းကို အားဖြည့်ဆောင်ရွက်ရန်မှာ အရေးကြီးပါကြောင်း၊ မိခင်နို့စနစ်တကျ တိုက်ကျွေးခြင်းလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများ လွှမ်းခြုံမှုပိုမိုကောင်းမွန်လျှင် အကျိုးရလဒ် ပိုမိုကောင်းမွန်ပါကြောင်း။

 

ယခု လေ့လာဆန်းစစ်မှုမှ တွေ့ရှိချက်များနှင့် အကြံပြုချက်များကို အခြေခံ၍ အမျိုးသား ကျန်းမာရေး စီမံကိန်းနှင့်ကိုက်ညီသော လုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိခင်နို့စနစ်တကျ တိုက်ကျွေးခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များ အနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်မှုနှင့် အကျိုးဖြစ်ထွန်းမှုများကို စောင့်ကြည့်ဆန်းစစ်မှုများ ဆက်လက်လုပ်ဆောင်ရန် လိုပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ INGO/ NGO များ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်နှင့် အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်တို့က မြန်မာနိုင်ငံတွင် မိခင်နို့စနစ်တကျ တိုက်ကျွေးခြင်းလုပ်ငန်းများနှင့် သက်ဆိုင်သော နောက်ခံအကြောင်းများ၊ လုပ်ငန်းစဉ်များ၊ ရလဒ်များ၊ အကြံပြုချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ 

 

(သတင်းစဉ်)