ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ  နေပြည်တော်စုရပ် ဗဟိုစခန်း(ရွာတော်)သို့ ရောက်ရှိလာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူရည်ချွန်များကို ရင်းရင်းနှီးနှီးလှိုက်လှိုက်လှဲလှဲကြိုဆို

နေပြည်တော် ဧပြီ ၂၄

ပုဂံ၊ အင်းလေး၊ ငွေဆောင်နှင့် ချောင်းသာလူရည်ချွန်အပန်းဖြေစခန်းများသို့ သွားရောက် ကြမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နဝမတန်းလူရည်ချွန်ကျောင်းသား၊ ကျောင်းသူ (၁၄၀)၊ ဒသမတန်းလူရည်ချွန်ကျောင်းသား၊ကျောင်းသူ(၁၄၀)၊ ဧကာဒသမတန်းလူရည်ချွန် ကျောင်းသား၊ ကျောင်းသူ (၁၃၇)ဦး၊ ဒသမတန်းလူရည်ချွန်ကျောင်းသား၊ကျောင်းသူ(၁၃၇)ဦး၊ စုစုပေါင်း လူရည်ချွန် ကျောင်းသား၊ကျောင်းသူ(၅၅၄)ဦးနှင့် ကြီးကြပ် ဆရာ၊ ဆရာမ(၆၄)ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စုရပ် ဗဟိုစခန်း(ရွာတော်)သို့ ရောက်ရှိလာကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ ပညာရေးမှူး၊ ခရိုင်၊မြို့နယ်ပညာရေးမှူးများနှင့်  တာဝန်ရှိသူများ၊ စခန်းတာဝန်ခံများနှင့်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် အိုးစည်ဒိုးပတ် အကအဖွဲ့များက စံပယ်ပန်း ကုံးများစွပ်၍ ရင်းရင်းနှီးနှီးလှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသည်။

ထိုသို့ကြိုဆိုနှုတ်ဆက်ရာတွင် ပြည်ထောင်စုဝန်ကြီးက  တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ လူရည်ချွန်မောင်မယ်များကို လှိုက်လှဲစွာကြိုဆိုဂုဏ်ပြုပါကြောင်း၊ နိုင်ငံတော်က အားကိုးအားထားပြုရမည့် လူရည်ချွန် လူရည်မွန် များဖြစ်အောင် အမြဲတမ်းဆက်လက်ကြိုးစား နေကြစေလိုပါကြောင်း၊ အမျိုးသားယဉ်ကျေး မှုထုံးတမ်း ဓလေ့များကို နှစ်သက်မြတ်နိုးထိန်းသိမ်း စောင့်ရှောက်ကြရန်နှင့် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များရှင်သန်ခိုင်မာနေကြရန်လိုပါ ကြောင်း၊ အပန်းဖြေစခန်း အသီးသီးသို့ သွားရောက်ကြမည့် လူရည်ချွန်ကျောင်းသား ကျောင်းသူများအနေဖြင့် ကျန်းမာရေးကိုအထူးဂရုစိုက်ကြရန်နှင့် စည်းကမ်းများ၊ ဥပဒေများကို လေးစား လိုက်နာကြစေလိုပါကြောင်း၊ လူရည်ချွန်ထပ်ကွမ်းလူငယ်များဖြစ်အောင် ဆက်လက် ကြိုးစား ကြစေလိုပါကြောင်းမှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရောက်ရှိလာသည့် လူရည်ချွန်မောင်မယ် များနှင့် ကြီးကြပ်ဆရာဆရာမများသည် နေပြည်တော် စုရပ်ဗဟိုစခန်း(ရွာတော်)တွင် တည်းခိုကြပြီး ညနေပိုင်းတွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမျှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်