ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တနင်္သာရီတိုင်းဒေသကြီး‌ ထားဝယ်မြို့ရှိ တက္ကသိုလ်၊ ပညာရေး ဒီဂရီကောလိပ်၊ တိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ ၁၄

 

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ မြို့နယ်ပညာရေးမှူးများ၊ ဆရာဆရာမများနှင့်တွေ့ဆုံကာ ဘုတ်ပြင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၊ ဆရာဆရာမများ၏  သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ ပိုမိုကောင်းမွန်ရေးနှင့် လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသည်။

 

ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ထားဝယ်မြို့ရှိ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံရာစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သာယာ လှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် ပညာရပ်ဝန်းကျင်ကောင်းများ ဖန်တီးပေးကြစေလိုပါကြောင်း၊ ဘာသာရပ် အလိုက် သက်ဆိုင်ရာ စာအုပ်၊ စာတမ်းများ ဝယ်ယူဖြည့်ဆည်းနိုင်ရေးအတွက် ရန်ပုံငွေများ ချထားပေးလျက်ရှိ ပါကြောင်း၊ သိပ္ပံဘာသာရပ်များအတွက် ဓာတ်ခွဲခန်းများအဆင့်မြှင့်တင်နိုင်ရေး၊ လိုအပ်သော ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စာရင်းပြုစုတင်ပြပေးကြရန်နှင့် ဝိဇ္ဇာဘာသာရပ်များအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများကို စာရင်းပြုစုတင်ပြပေးကြစေလိုပါကြောင်း၊ တက္ကသိုလ် သုတေသန ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလို ပါကြောင်း၊ အမှန်တကယ် တတ်မြောက် သော ပညာတတ်များကို  လေ့ကျင့်မွေးထုတ်ပေးကြစေလိုပါကြောင်း၊ လက်ရှိဘာသာရပ်များအပြင် စီးပွားရေး ဆိုင်ရာဘာသာရပ်တစ်ခုကို ထပ်မံဖြည့်ဆည်း ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညီညီညွတ်ညွတ်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း ဆွေးနွေး ပြောကြားသည်။

 

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများက တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေး ကြပြီး ပြန်ထောင်စုဝန်ကြီးက ပြန်လည်ညှိနှိုင်း ဆွေးနွေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ကျောင်းအုပ်ကြီး၊ သက်ဆိုင်ရာ ဘာသာရပ်ဌာနမှူးများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ သင်ကြား၊ သင်ယူရေး၊ စီမံခန့်ခွဲရေးဆိုင်ရာများ ပိုမိုကောင်းမွန် ရန် ဆောင်ရွက်ရေး မှာကြား၍ ကျောင်းအတွက် လိုအပ်သည့် စာသင်ဆောင်၊ အိပ်ဆောင်၊ ကွန်ပျူတာ၊ အင်တာနက် Wifi နှင့် CCTV များ တပ်ဆင်ဖြည့်ဆည်းနိုင်ရေးနှင့် ဆရာဆရာမ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံးသို့ သွားရောက်၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဆရာဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို အမှန်တကယ် စာတတ်မြောက် အောင်သင်ကြား၍ ပညာတတ်လူငယ်များကို မွေးထုတ်ပေးကြစေလိုပါကြောင်း မှာကြားကာ ကျောင်းနှင့် ဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက်ကြရန်နှင့် ရေသန့်စက်၊ ဆိုလာစနစ်သုံး ရေတင်စက်နှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)