ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း (၁၅) ကြိမ်မြောက် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှုညီလာခံ (UNCTAD) ၏ ဆက်စပ်အစည်းအဝေးဖြစ်သည့် LDCs ဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၇

 

(၁၅) ကြိမ်မြောက် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးမှု ညီလာခံ (United Nations Conference on Trade and Development-UNCTAD) ၏ ဆက်စပ်အစည်းအဝေးဖြစ်သော ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စု (LDCs)၏ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ ယမန်နေ့ ညနေ ၆ နာရီခွဲတွင်ကျင်းပရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း Online စနစ် ဖြင့်တက်ရောက်သည်။

 

အစည်းအဝေးသို့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (၄၆) နိုင်ငံမှဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ Online မှ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဂျီနီဗာမြို့ရှိ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စု၏ ဥက္ကဋ္ဌနှင့် ညှိနှိုင်းဆောင်ရွက်သူ မာလာဝီနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးနှင့် UNCTAD အထွေထွေအတွင်း ရေးမှူးချုပ်တို့က မိန့်ခွန်းပြောကြား ကြပြီး ဂျီနီဗာမြို့ရှိ မာလာဝီနိုင်ငံ သံအမတ်ကြီးက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ဦးစားပေး နယ်ပယ်များ၊ ပြင်ဆင်ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

 

ဆက်လက်၍ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ စီးပွားရေးဆိုင်ရာအသွင်ပြောင်းလဲ လာစေရန်၊ ထုတ်လုပ်နိုင်မှု စွမ်းရည်မြင့်မားလာစေရန်၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်လာစေရန်နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် နောင်တွင်ကြုံတွေ့ရနိုင် သည့် အခြားသောအခက်အခဲများ၊ စိန်ခေါ်မှုများကို လျှော့ချနိုင်ရန်အတွက် ဝန်ကြီးအဆင့်ကြေညာချက် (Ministerial Declaration) တစ်ရပ်ကို ထုတ်ပြန်ရန် ဆွေးနွေးခဲ့ကြသည်။

 

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ (၃)ရက်မှ (၇)ရက်အထိ ကျင်းပမည်ဖြစ်သော (၁၅) ကြိမ် မြောက် UNCTAD ညီလာခံတွင် အဆိုပြုမည့် ဝန်ကြီးအဆင့် ကြေညာချက် (Ministerial Declaration) သည် အခြေခံကျသည့် ထုတ်လုပ်နိုင်မှု စွမ်းအားကို မြှင့်တင်ရာတွင် အထောက် အပံ့ပြုနိုင်မည့်အပြင် ကိုဗစ်-၁၉ သက်ရောက်မှုဒဏ်ကို အများဆုံးခံရသည့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအနေဖြင့် ၎င်းတို့၏ ပြန်လည်ထူထောင်နိုင်ရေး ပြင်ဆင် ဆောင်ရွက်ရာတွင်လည်း များစွာအထောက်အကူပြုမည်ဖြစ်သည်။

 

အဆိုပါ အစည်းအဝေးကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးစီးပွားများ ပိုမိုတိုးတက်​ကောင်းမွန်စေရေးအတွက် ရလဒ်ကောင်းများ ပေါ်ထွက်လာစေရန်နှင့် ဆယ်စုနှစ်တစ်ခု (၂၀၂၂-၂၀၃၁)အတွင်း ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အတွက် လုပ်ဆောင်ချက်အစီအစဉ်ကို နိုင်ငံတကာအသိုက်အဝန်းမှ သိရှိနိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။

(သတင်းစဉ်)