ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်

နေပြည်တော်၊ ၁၂ ဇန်နဝါရီ

 

ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်အတွက် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁  နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ၂၀၂၁ ခုနှစ် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းအတွက် ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်တွင် ယာဉ်အိုယာဉ်ဟောင်း အစီအစဉ်၊ တစ်ဦးချင်းအစီအစဉ်ဟူ၍ ကန့်သတ်ထားခြင်းမရှိတော့ဘဲ လူစီးယာဉ်တင်သွင်းခြင်းတွင် (၃)နှစ်အတွင်း ထုတ်လုပ်သည့် မော်တော်ယာဉ်၊ လုပ်ငန်းသုံး ယာဉ်တင်သွင်းခြင်းတွင် (၅) နှစ်အတွင်း ထုတ်လုပ်သည့်မော်တော်ယာဉ်၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်များ တင်သွင်းခြင်းတွင် (၁၀) နှစ်အတွင်း ထုတ်လုပ်သည့်မော်တော်ယာဉ်နှင့် လုပ်ငန်းသုံးယန္တရားများအတွက် လွန်ခဲ့သည့် (၁၅) နှစ်အတွင်း ထုတ်လုပ်သည့် ယာဉ်များ တင်သွင်းရန် သတ်မှတ်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း။

 

ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်/ စစ်မှုထမ်းကောင်းတံဆိပ်/ ရဲမှုထမ်းကောင်းတံဆိပ်ရရှိပြီးသော ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရာထူးအဆင့်အလိုက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းအတွက် ကြော်ငြာချက်ထုတ်ပြန်ခဲ့ပြီး ခွင့်ပြုခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ  ၁၈ ရက်မှ ၂၀၂၁ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ (၁၂၃) ဦး ခွင့်ပြုထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ အရောင်းပြခန်းမှ မော်တော်ယာဉ် ဝယ်ယူခြင်းအတွက်လည်း လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် မှာကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များမှ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်