ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် မြန်မာ- တရုတ်ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၂၀ အခမ်းအနားတွင် ဗီဒီယိုမိန့်ခွန်းပြောကြား

articles_advs

နေပြည်တော်  ၂၇   နိုဝင်ဘာ

နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် ၁၇ ကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲကာလအတွင်း ဆက်စပ်ကျင်းပသည့် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် မြန်မာ-တရုတ် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၂၀ တို့ကို ယနေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နန်နင်းမြို့ရှိ Nanning International Convention & Exhibition Center ၌ကျင်းပသည်။

အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဗီဒီယိုမိန့်ခွန်း ပေးပို့ပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် သံတမန်ဆက်ဆံမှုကို ၁၉၅၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး ယခုအခါနှစ်ပေါင်း (၇၀)ပြည့် မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ နှစ်ပေါင်း (၇၀) ခရီးလမ်းတစ်လျှောက်တွင် တည်ရှိပြီးဖြစ်တဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှု၊ အိမ်နီးချင်း ကောင်းပီသမှုတို့ကိုအခြေခံပြီး ပိုမိုနက်ရှိုင်းသည့် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်နိုင်ခဲ့ပါကြောင်း။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို တွန်းလှန်တိုက်ဖျက်သည့်နေရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနှင့် မြန်မာနိုင်ငံ အ‌ပေါ် စေတနာထက်သန်စွာဖြင့် ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အစိုးရနှင့် မြန်မာနိုင်ငံ ပြည်သူ/ပြည်သားများ၏ကိုယ်စား တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ‌ကျေးဇူးအထူး တင်ရှိပါကြောင်း။

ယခု ၂၀၂၀ ပြည့်နှစ်သည် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု တည်ထောင်သည့် နှစ် (၇၀)ပြည့် အထိမ်းအမှတ် သာမက အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု‌ဒေသ ထူထောင်သည့် (၁၀)နှစ်ပြည့်သည့် နှစ်တစ်ဖြစ်သည့် အပြင် တရုတ်-အာဆီယံ ဒီဂျစ်တယ်စီးပွား‌ရေး ပူးပေါင်းဆောင်ရွက်မှု စတင် ဆောင်ရွက်သည့်နှစ်လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အ‌ရေးပါသည့် နှစ်တစ်နှစ်ဟုလည်းဆိုရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထင်ဟပ်စေသည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ကျင်းပခဲ့သည်မှာ (၁၇) နှစ်တိုင် ရှိပြီဖြစ်ပါကြောင်း။     

ယနေ့ကျင်းပသည့် အခမ်းအနား၏ ရည်ရွယ်ချက်ဆောင်ပုဒ်သည် “တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် စီးပွားရေးဆိုင်ရာ ရွှေရောင်လွှမ်းသည့် အခွင့်အလမ်းများကို ယှဉ်တွဲပူးပေါင်း၍ ဖန်တီးခြင်းနဲ့ မျှဝေခြင်း” ဖြစ်သည့်အတွက် ယနေ့အချိန်အခါနှင့် အလွန်လိုက်လျောညီထွေမှုရှိသည့်အပြင် သင့်လျော်ကောင်းမွန်မှုရှိသည့် ဆောင်ပုဒ်ကောင်းတစ်ခုဖြစ်ပါကြောင်း။

ယနေ့အခမ်းအနားတွင် လယ်ယာထုတ်ကုန်များ၊ အခြေခံအ‌ဆောက်အဦ၊ ရင်းနှီးမြှုပ်နှံမှု စသည့် ကဏ္ဍများကို ဦးစားပေးသတ်မှတ်ပြီး ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရှင်သန် ခိုင်မာစေရေးအတွက် နည်းလမ်းများနှင့် တရုတ်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းများ ပိုမိုအဆင်ပြေ ချောမွေ့စေ‌ရေးကို ဆွေးနွေးသွားမည်ဟု သိရှိရသည့်အတွက် နှစ်နိုင်ငံစလုံးအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေမည့် ရလဒ်များကို ဆောင်ကျဉ်းလာနိုင်မည်ဟု ယုံကြည်ပါကြောင်း။

နယ်စပ်ကုန်သွယ်မှုစနစ်တွင် ကုန်သွယ်မှုဆိုင်ရာနည်းလမ်းများ အဆင်ပြေချောမွေ့စေရေးနှင့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများ ဖယ်ရှားရေးတို့ကို ပူး‌ပေါင်းဆောင်ရွက်ပေးနိုင်ရန် အဆိုပြုတိုက်တွန်းလိုပါကြောင်း၊ နှစ်နိုင်ငံအကြား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးတို့ကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားလိုပါ ကြောင်း။

မြန်မာထုတ်ကုန်များ၏ အရည်အသွေးစစ်ဆေးရေးအတွက် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများရရှိရေးနှင့် အီလက်ထရောနစ် ကူးသန်း‌ရောင်းဝယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ်လို ပါကြောင်း၊ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု နှစ်(၇၀)ပြည့် အခမ်းအနားမှသည် နောင်နှစ်ပေါင်း များစွာတိုင် အဓွန့်ရှည်တည်တံ့ခိုင်မြဲစွာ တည်ရှိနေမည်ဟု မိမိအနေနှင့် အခိုင်အမာယုံကြည်ပါကြောင်း၊ တရုတ် - မြန်မာ နှစ်နိုင်ငံအကြား ကောင်းမွန်သည့်ဆက်ဆံရေးသည် မိမိတို့နှစ်နိုင်ငံအတွက်သာမက ‌ဒေသတွင်းပြည့်စုံကြွယ်ဝ မှုကို အထောက်အကူပြုစေမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ဆက်ဆံရေး ပိုမိုရှင်သန်ခိုင်မာလာစေရန် နယ်ပယ် ကဏ္ဍတိုင်းတွင် ပြည်သူချင်း၊ အစိုးရချင်းလက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြား သည်။

အဆိုပါအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Li Chenggang၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုတိယအုပ်ချုပ်ရေးမှူး၊ Mr. Zhou Hongbo နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေတို့က မိန့်ခွန်းများပြောကြားခဲ့ပြီး နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီးပွားရေးသံမှူးက “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်နှင့် အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  တရုတ်ကုမ္ပဏီနှစ်ခုက  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုများ ဆောင်ရွက်ရာ၌ ရရှိသောအောင်မြင်မှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း Presentation များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်