ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့ပြီး အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများထံ လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်

နေပြည်တော်  ၃၀  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်း က မင်းကင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာများ၊ ဆန်ရိက္ခာဖိုးငွေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ ကယ်ဆယ်ရေးစက်လှေ၊ အသက်ကယ်အင်္ကျီများ သွားရောက် ထောက်ပံ့ပြီး အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများထံ လူမှုရေးပင်စင်ငွေများ ပေးအပ် သည်။  

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းကင်းမြို့၊ ယွန်းဘုန်းကြီးကျောင်းသို့ ရောက်ရှိ ပြီး ဓမ္မကာရီကျောင်းဆောင်၌ ကျောင်းတိုက် ဘုန်းတော်ကြီးအား ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်ဝန်းအတွင်း သဘာဝဘေးကြောင့် ယာယီလာ ရောက်ခိုလှုံရသည့် ဘေးသင့်ပြည်သူများအသုံးပြုနိုင်ရေး သန့်စင်ခန်း (၃)ခန်းတွဲ (၂) လုံး ဆောက်လုပ် ရန်အတွက် ငွေကျပ် (၄၂) သိန်းကို လှူဒါန်းသည်။

 

ဆက်လက်၍ အဆိုပါကျောင်းဆောင်ရှိ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စု ဝန်ကြီးက မိမိတို့အနေဖြင့် ရေဘေးသင့်ပြည်သူများအား အားပေးပံ့ပိုးခြင်းနှင့် လူမှုကာကွယ် စောင့်ရှောက်ရေးထောက်ပံ့ခြင်းများ လာရောက်ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ထောက်ပံ့ငွေများသည် ပြည်သူများ၏ အခွန်အခများမှရရှိသည့် ပြည်သူ့ဘဏ္ဍာငွေများဖြစ်၍ မိမိတို့တာဝန်ယူ သုံးစွဲခွင့်ရရှိသည့် ငွေများကို ပြည်သူများအကျိုးရှိစေမည့် လုပ်ငန်းများတွင် အလေ့အလွင့်မရှိအောင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

 

ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ရသည့် ပြည်သူများတိုက်ရိုက်အကျိုးရှိစေမည့် လုပ်ငန်းစီမံချက်များကို တိုးချဲ့ဖော်ထုတ်ခဲ့ရာ အကောင်အထည်ဖော်ရမည့် လုပ်ငန်းပမာဏ များပြားလာသည့်အလျောက် ပြည်သူ့အတွက် ဘတ်ဂျက်များပိုမိုရရှိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လတ်တလော ဘေးဒုက္ခများ လျော့နည်းသက်သာအောင် ဆောင်ရွက်ပေးနေသကဲ့သို့ ရေရှည်အကျိုး မျှော်မှန်း၍လည်း ဆောင်ရွက်ရပါကြောင်း၊ ပြည်သူများကလည်း ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက်  မင်းကင်းမြို့ရေဘေးသင့်ပြည်သူ  (၁၈၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃၈၈ ,၅၀၀)၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် Mask များ၊ လက်ဆေး ဆပ်ပြာများကို ထောက်ပံ့ပေးအပ်ပြီး ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ တွင် အသုံးပြုနိုင်ရန် ငွေကျပ် (၄၂) သိန်း တန်ဖိုးရှိ စက်လှေတစ်စီးနှင့် အသက်ကယ် အင်္ကျီများကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာနက လစဉ်ထောက်ပံ့လျက်ရှိသည့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၃၄၅)ဦးအတွက် လူမှုရေးပင်စင် စုစုပေါင်းထောက်ပံ့ ငွေကျပ် (၁၀,၃၅၀,၀၀၀)ကို ဘိုးဘွားများထံ ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းကင်းမြို့၌ ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိသော ရွှေပြည်တန်ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး ဘိုးဘွားရိပ်သာကော်မတီဝင်များနှင့် တွေ့ဆုံ၍ လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိသော သက်ကြီးဘိုးဘွားများအား ပြုစုစောင့်ရှောက်ရေး လုပ်ငန်းစဉ်များ၊ ဘိုးဘွားရိပ်သာများ၊ ဂေဟာများနှင့် သင်တန်းကျောင်းများကို သတ်မှတ်ချက်စံနှုန်းများနှင့်အညီ ကူညီထောက်ပံ့ပေးသည့် လုပ်ငန်းစဉ်များ၊ မကြာမီဖွင့်လှစ်မည့် မင်းကင်းမြို့ ရွှေပြည်တန်ဘိုးဘွားရိပ်သာအတွက် ပံ့ပိုးကူညီနိုင်မည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး ဘိုးဘွားရိပ်သာ ရန်ပုံငွေအတွက် လတ်တလော ထောက်ပံ့ငွေကျပ် (၅) သိန်းကို တာဝန်ရှိသူများထံ ပေးအပ်သည်။

 

သတင်းစဉ်