ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်များအတွင်း လူမှုကာကွယ်စောင့်ရှောက်မှုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွက် သဘာဝဘေး ကူညီထောက်ပံ့မှုများ ဆောင်ရွက်

၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌  ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် မိုးစပါးများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လူမှုကာကွယ် စောင့်ရှောက်ရေး ထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကား ပြောကြားသည်။

 

 

ထို့နောက် ရန်ကုန်တိုင်းအတွင်းရှိ မသန်စွမ်းသူ (၉၅၇၈) ဦးအတွက် ကျပ်သန်း (၂၈၇ ဒမ ၃၄)၊ အသက် (၈၅) နှစ်အထက် ဘိုးဘွား (၂၁၆၂၈) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ ကျပ်သန်း (၆၄၈ ဒသမ ၈၄) သန်းနှင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် မိုးစပါးများအတွက် ကျပ်သန်း (၂၈၇ ဒသမ ၀၅) ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး တက်ရောက်လာသော ဘိုဘွားများနှင့် မသန်စွမ်းများအား လက်ဝယ်အရောက် ထောက်ပံ့ခြင်းများ ပြုလုပ်သည်။ ယနေ့အတွက် ထောက်ပံ့ငွေ စုစုပေါင်းမှာငွေကျပ် (၁၂၂၃ ဒသမ ၂၃) သန်း ဖြစ်သည်။

 

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မသန်စွမ်းများနှင့် သက်ကြီးဘိုးဘွားများအတွက် အစိုးရ၏ ကူညီထောက်ပံ့မှုများကို ဝိုင်းဝန်ကူညီဆောင်ရွက် ပေးကြသော လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒလမြို့သို့သွားရောက်ခဲ့ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ရခိုင်ချောင် အထက(ခွဲ)ဆဋ္ဌမတန်းတွင် ပညာသင်ယူလျက်ရှိသော ညောင်ချောင်းကျေးရွာအုပ်စု၊ ချောင်းဦးကျေးရွာမှ အဖဦးဌေးလွင်၊ အမိဒေါ်စန္ဒာကြည်တို့၏ သမီးကြီးအသက် (၁၃)နှစ် မနှင်းထက်ထက်ကျော်အား တွေ့ဆုံပြီး ကိုယ်အင်္ဂါမပြည့်စုံသော်လည်း အတန်းပညာကို ပေါက်မြောက်အောင် သင်ယူနိုင်ခြင်းအတွက် ချီးကျူးစကားပြောကြား၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒလမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် စေတနာရှင်တို့က ထောက်ပံ့ငွေများ စုပေါင်းပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး ကော့မှူးမြို့သို့ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

 

ထို့နောက် ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်များတွင် မိခင်ဝိုင်း (၅) ဝိုင်းစီ ဖွင့်လှစ်နိုင်ရေးအတွက် ငွေကျပ် ၇၀၅၆၂၀၀ ကို ပေးအပ်ခဲ့ပြီး ကလေးများအတွက် အာဟာရမုန့်များနှင့် အရုပ်များ ဝေငှခဲ့ကြောင်း သတင်းရရှိသည်။ 

 

 

(သတင်းစဉ်)

SHARE THIS ON SOCIAL MEDIA