ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေး (၁/၂၀၂၀)တွင် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှုများ ညှိနှိုင်းဆွေးနွေး

နေပြည်တော်  ၇ မေ 

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေး (၁/၂၀၂၀) တွင် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှုများကို အဆိုပါဝန်ကြီးရုံး၌ Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးသည်။    

 

ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ ပုံမှန်လုပ်ငန်းတာဝန်များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ကိုဗစ်-၁၉ ကာလနှင့်ကိုက်ညီသော Video Conferencing စနစ်ဖြင့် အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၊ လူမှုရေးတို့အပေါ် အကျိုးသက်ရောက် မှုသည် ကြီးမားပြင်းထန်ပြီး မြန်မာနိုင်ငံလည်းခံစားရကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကျိုးသက်ရောက်မှုများမှာ အလွန်ကြီးမားပါကြောင်း၊ အာရှ-ပစိဖိတ် ဒေသအတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှု ပထမရက် (၁၀၀) အစီရင်ခံစာအရ အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ကိုဗစ်-၁၉ ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲ အကျိုးဆက်ခံစားရမှုများ၊ အကြမ်းဖက် ခံရမှုများ၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေမှုများ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေရှိသောနိုင်ငံများတွင် သဘာဝဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ ၏ အမျိုးသမီးများအပေါ် ပေါင်းစပ်သက်ရောက်မှုများကို ခံစားနေရသည်ကို ဖော်ပြထားပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် အမျိုသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့တို့ကို ဖွဲ့စည်း၍ စီမံချက်၊ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများ၏ အထူးလိုအပ်ချက်များ နှင့် အခန်းကဏ္ဍများကို လုပ်ငန်းစဉ်များတွင် ထည့်သွင်းစဉ်းစား ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ ဆောင်ရွက် ချက်များကိုလည်း တာဝန်ရှိသူများက ရှင်းလင်းပေးမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား - မ တန်းတူညီမျှရေးကိစ္စရပ်များကို ဆောင်ရွက်နေသည့် မိမိတို့ ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ၏ အကျိုးဆက် များကြောင့် မြန်မာအမျိုးသမီးများနှင့် မိန်းကလေးငယ်များ ကြုံတွေ့နေရသည့် အခြေအနေများကို မိမိတို့ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တုံ့ပြန်ဆောင်ရွက်မှုများနှင့် ထပ်မံဆောင်ရွက်ရန် လိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်း ဆွေးနွေးပေးကြစေလိုကြောင်း၊  ကိုဗစ်-၁၉ ဖြစ်ပွားနေသောကာလအတွက် သာမက ကိုဗစ်-၁၉ ကာလအလွန် ပြန်လည်ထူထောင်ရေးအတွက်လည်း ဆွေးနွေးပေးကြစေလိုကြောင်း၊  အမျိုးသမီးများအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးကုသမှုခံယူရန်နှင့် ကျန်းမာရေးဝန်ဆောင်မှုများ အထူးသဖြင့် မျိုးဆက်ပွား ကျန်းမာရေးဝန်ဆောင်မှုများ ရယူရန် အခက်အခဲများ ကြုံတွေ့ရနိုင်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တုန့်ပြန်ဆောင်ရွက်မှုများတွင် ကျန်းမာရေးဝန်ထမ်းများ အပါအဝင်  ၆၀ ရာခိုင်နှုန်းသော အမျိုးသမီးများသည် ရှေ့တန်းတွင် ပါဝင်နေရသည့်အတွက် ရောဂါပိုးနှင့် ပိုမိုထိတွေ့နိုင်ဖွယ်ရှိပါကြောင်း၊ အသွားအလာ ကန့်သတ်ခြင်း     Quarantine အစီအစဉ်များကြောင့် အမျိုးသမီးများ၏ အလုပ်အကိုင်နှင့် စီးပွားရေးများအပေါ်လည်း အကျိုးသက် ရောက်မှုများရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှု များကို ကုစားနိုင်ရန်အတွက် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

 မိမိတို့အနေဖြင့် အလုပ်သမားအမျိုးသမီးများအတွက် ပြန်လည်ကုစားမှုများ၊ အခြေခံ လူမှုကာကွယ်စောင့်ရှောက် ရေးများကို ဆောင်ရွက်ပေးနိုင်ရန် ကိစ္စများကို ဆွေးနွေးပေးကြစေလိုကြောင်း၊ လေ့လာမှုချက်များအရ ကိုဗစ်-၁၉  ကာလအတွင်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများသည် တစ်ကမ္ဘာလုံး အတိုင်းအတာအရ မြင့်တက်လာသည်ဟု ဖော်ပြလာကြသဖြင့် မြန်မာနိုင်ငံ၏ အခြေအနေကိုလည်း လေ့လာ သုံးသပ်ရန် လိုအပ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများရှိလာပါက တိုင်ကြားနိုင်ရေးအတွက် Help Line ဝန်ဆောင်မှုကို ယခင်အတိုင်း(၂၄)နာရီ ဖွင့်လှစ်ထားရှိပါကြောင်း၊ ထို့အပြင် ယာယီ Hot Line များထားရှိပြီး စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် အထူးစီမံချက်များဖြင့် ဆောင်ရွက်ရာတွင် ကလေးသူငယ်များ၊ သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်းသူများအတွက်သာမက အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များကိုပါ ထည့်သွင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အမျိုးသမီးများအတွက် ဆောင်ရွက်ပေးမှုများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အဓိကသတင်းစကား (၁၀)ချက်နှင့် ခွင့်ပြုထားသည့် အခြေအနေများမှလွဲ၍ လူငါးဦးအထက် စုဝေးခြင်းမပြုရန် ထုတ်ပြန်ချက်များကို လိုက်နာ ဆောင်ရွက်ကြစေရန်လည်း တိုက်တွန်းဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ကိုဗစ်-၁၉ ကြောင့် အမျိုးသမီးများအပေါ် အကျိုးသက်ရောက်မှုများကို ပြန်လည်ထူထောင်ကုစားရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ ပုဂ္ဂလိကကဏ္ဍ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အလှူရှင် အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ လက်ရှိတုံ့ပြန်ဆောင်ရွက် ထားသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီး ကော်မတီအဖွဲ့ဝင်များ အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အမျိုးသမီးများအတွက် ဆောင်ရွက်မှုများကို ကော်မတီသို့ ပုံမှန်တင်ပြ ပေးကြရန် တိုက်တွန်းဆွေးနွေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် လူမှုရေး ဝန်ကြီးများက ကိုဗစ်-၁၉ ကာလအတွင်းဖြစ်ပွားခဲ့သော အမျိုးသမီး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ထားသည့် ကိစ္စများ၊ ပံ့ပိုးကူညီမှုများ၊ Quarantine နေရာများတွင် ကျား-မ အကြမ်းဖက်မှုများ မရှိစေရေး ဆောင်ရွက်မှုများ၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာမည့် ကိုယ်ဝန်ဆောင်မိခင်များအတွက် Quarantine ထားရှိရန် စီစဉ်ထားမှုများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။

 

ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်လည်ထူထောင်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့၏ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားမှုများကို ရှင်းလင်း ဆွေးနွေးကြသည်။

 

ထို့နောက် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ ကျား၊ မ ရေးရာတန်းတူ ညီမျှရေးကွန်ရက်၊ စီးပွားရေးလုပ်ငန်းရှင်များ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှုအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ ဝိသာခါဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစား အဖွဲ့ချုပ်တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ချိတ်ဆက်၍ အလှူငွေများ၊ အကာအကွယ်သုံးပစ္စည်းများ၊ အစားအသောက်များကို ပါဝင်ကူညီ လျက်ရှိသည့် ကိစ္စများ၊ ကိုဗစ်-၁၉ ရောဂါကို ရှေ့တန်းက ရင်ဆိုင်နေကြသည့် အမျိုးသမီးများနှင့် ပတ်သက်ပြီး  စစ်တမ်းကောက်ယူ ဆောင်ရွက်နိုင်မည့်ကိစ္စများ၊ ကိုယ်/စိတ်ပင်ပန်းမှု ဖြေလျှော့သည့် လေ့ကျင့်မှုများနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို အွန်လိုင်းမှတစ်ဆင့် မျှဝေပေးနိုင်ရန်ကိစ္စများ၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ အသံဖိုင်များ၊ ဗီဒီယိုအတိုများကို တိုင်းရင်းသား ဘာသာစကားမျိုးစုံဖြင့် ပြည်သူလူထုထံသို့ ဖြန့်ဝေပေးရန်လိုအပ်သည့် ကိစ္စများကို တင်ပြဆွေးနွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက Quarantine နေရာများရှိ ထိခိုက်လွယ် အုပ်စုများအတွက် သီးခြားအသိပညာပေးမှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေး နိုင်ရေး၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း နည်းစနစ်များ ကို လက်တွေ့ဆောင်ရွက်ပေးနိုင်ရေး၊ စေတနာ့ဝန်ထမ်းများနှင့် ချိတ်ဆက်၍ လိုအပ်ချက်စာရင်းများ ကောက်ယူပံ့ပိုး ကူညီနိုင်ရေးနှင့် အမျိုးသမီးအရေး ဆောင်ရွက်နေကြသည့် အသင်းအဖွဲ့များအနေဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး ဆောင်ရွက်လိုသည့် စစ်တမ်းကောက်ယူမှုများကိုလည်း ကော်မတီထံသို့ တင်ပြညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေး တို့ကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်