နေပြည်တော် ၁၆ ဒီဇင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် နော်ဝေနိုင်ငံအခြေစိုက် NIS အဖွဲ့အစည်း မှ Country Director, Ms. Elizabeth Jane Armstrong နှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နော်ဝေနိုင်ငံအခြေစိုက် NIS အဖွဲ့အစည်းအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးရန်ဆောင်ရွက်နေမှု၊ လူမှုအသိုင်းအဝန်းများ အားကောင်းစေရေး၊ လူမှုသဟဇာတမျှတရေး၊ မတူညီသောအသိုင်းအဝန်းများအကြား ပေါင်းစည်းညီညွတ်ရေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစသည့် အခန်းကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ ကို နိုဝင်ဘာ(၁၉)ရက်က မိတ်ဆက်ခဲ့ပြီး ဒေသလိုက်လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်သွားမည့်အခြေအနေ၊ IDP စခန်းများပိတ်သိမ်းရာတွင် ပြည်တွင်း နေရပ်စွန့်ခွာသူများအနေဖြင့် မိမိဘဝမိမိရပ်တည်နိုင်ပြီး နေထိုင်ရာပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ပြီး ပြန်လည်ပေါင်းစည်း နေထိုင်နိုင်ရေး ဆောင်ရွက်သွားမည့်အခြေ အနေနှင့် လူမှုစုစည်းညီညွတ်မှုရရှိစေရေး ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေ၊ လူမှုသဟဇာတမျှတရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်အဆင့်အခမ်းအနားတစ်ခုအား ကျင်းပ နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်