ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်း

နေပြည်တော်၊  ၁၈  ဇန်နဝါရီ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် Virtual Meeting ဖြင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသည်။

 

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ရခိုင်ပြည်နယ် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်း အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၇ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်သည့်အတွက် ရခိုင်ပြည်နယ်တွင် ပဉ္စမမြောက်ဖွဲ့စည်း ခြင်းဖြစ်ပါကြောင်း၊ အခြားပြည်နယ်များနည်းတူ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ မိုင်းကြောင့် ထိခိုက်ခံစား ရသူများအား ကူညီထောက်ပံ့ပေးခြင်းများကို ပိုမိုတိုးမြှင့်ပြီး ထိထိရောက်ရောက် အောင်မြင်စွာဆောင်ရွက်သွား နိုင်ရန်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မိုင်းဒဏ်ခံစားရသူအရေအတွက်မှာ ၂၀၁၈-၂၀၁၉ ခုနှစ်မှစပြီး တိုးတက်များပြားလာပါကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် မိုင်းနှင့်စစ်ကျန် လက်နက်ပစ္စည်းများ ပေါက်ကွဲမှုဖြစ်စဉ် (၅၃)ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရှိရပါကြောင်း၊ ထိခိုက်သေဆုံးသူ အရေအတွက်(၁၉)ဦးနှင့် ဒဏ်ရာရရှိသူ (၃၉) ဦးရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုဖြစ်စဉ် (၆၁) ကြိမ်၊ ထိခိုက်သေဆုံးသည့်အရေအတွက် (၄၅)ဦး၊ ဒဏ်ရာရရှိသူ (၈၉)ဦးရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါကြောင်း၊ ကလေးသူငယ်ထိခိုက်ခံစားရသူ အရေအတွက်မှာ ၂၀၁၉ ခုနှစ်တွင် (၁၇) ဦးနှင့် ၂၀၂၀ ပြည့်နှစ်တွင် (၆၄) ဦးအထိ မြင့်မားလာသည်ကို တွေ့ရှိရပါကြောင်း၊ မိုင်းထိဖြစ်စဉ် အရေအတွက်များအရ  ၂၀၂၀ ပြည့်နှစ်တွင် မိုင်းဒဏ်သင့်ခံရမှုအများဆုံးမှာ ရခိုင်ပြည်နယ်ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း။

 

ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်းတွင်လည်း မိုင်းအန္တရာယ်အသိပညာ ပေးရေးလုပ်ငန်းကို ထည့်သွင်းထားပြီးဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာတွင် ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်ရန် ရေးဆွဲထားသည့် လုပ်ငန်းစီမံချက်တွင်လည်း မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းကို ထည့်သွင်းရေးဆွဲထားပြီး အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မြေမြှုပ်မိုင်းများ နှင့် စစ်ကျန်လက်နက်ပေါက်ကွဲစေသည့် ပစ္စည်းများ၏အန္တရာယ်သည် ကြီးမားပါကြောင်း၊ ရပ်ရွာအတွင်း အန္တရာယ် ကင်းရှင်းစွာသွားလာနေထိုင်လုပ်ကိုင်ရာတွင် သတိပြုရမည့် အပြုအမူများကို ပြည်သူလူထု၊ ဒေသခံများ၊ ရပ်ရွာအတွင်းရှိ ပြည်သူများသိရှိထားရန် အလွန်အရေးကြီးပါကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်းတွင် မြောက်ဦး၊ မင်းပြားမြို့နယ်များတွင် ကျား(၂)ဦး၊ မ(၇) ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် ကျောက်တော်၊ မင်းပြား၊ အမ်းနှင့် မောင်းတော မြို့နယ်များမှ ကျား(၂၁) ဦး၊ မ(၁၃)ဦး စုစုပေါင်း (၄၃)ဦးကို တစ်ဦးလျှင် ငွေကျပ်(၂)သိန်းနှုန်းဖြင့် ထောက်ပံ့ခဲ့ပါ ကြောင်း၊ ထို့ပြင် မသန်စွမ်းသူများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထောက်ပံ့ရာတွင်လည်း အကျိုးခံစားခွင့်များ ရရှိကြကြောင်း၊ ရခိုင်ပြည်နယ် အတွင်းဖြစ်စဉ်များတွင် စာရင်းအမှန်များ ကောက်ယူရရှိပါက လုပ်ထုံးလုပ် နည်းနှင့်အညီ ဆက်လက်ထောက်ပံ့ကူညီ သွားမည်ဖြစ်ပါကြောင်း။

 

ပြည်နယ်များတွင် ဖွဲ့စည်းထားသော မိုင်းအန္တရာယ်တားဆီးရေးလုပ်ငန်းအဖွဲ့များသည် နှစ်စဉ်မဟာဗျူဟာများ ချမှတ်၍ လုပ်ငန်းစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် မဟာဗျူဟာလုပ်ငန်းစီမံချက်တွင်  နယ်ပယ်(၆)ခု ပါဝင်နေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ လုပ်ငန်းနယ်ပယ်များတွင် ဝန်ကြီးဌာနအချင်းချင်း၊ အဖွဲ့အစည်း အချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခြင်း၊ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ရာ နေရာများတွင်  မိုင်းအန္တရာယ် အသိပညာပေးခြင်းနှင့် မိုင်းအန္တရာယ်ဖြစ်ပွားနိုင်ခြေ နည်းပါးအောင် ဆောင်ရွက်ခြင်း၊ မြေပြင်တွင် ကြုံတွေ့ရမည့် ပကတိအခြေအနေကို စစ်ဆေးခြင်း၊ မိုင်းအန္တရာယ်ကြုံတွေ့ရသူများကို ကူညီပေးခြင်း၊ စီမံခန့်ခွဲမှု လုပ်ငန်းများတွင် လိုအပ်သော သတင်းအချက်အလက် အမှန်များရရှိနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ပြည်သူများ စိတ်ချလုံခြုံစွာ သွားလာနေထိုင်လုပ်ကိုင်နိုင်ရန် မိုင်းအန္တရာယ်ကင်းရှင်းသည့် နယ်မြေသတ်မှတ်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများပါဝင်သည့်အဖွဲ့များ ဖွဲ့စည်းပြီး စည်းရုံးဆောင်ရွက်ခြင်း စသည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ ထိုမဟာဗျူဟာပါ လုပ်ငန်းနယ်ပယ် (၆)ရပ်ကို ယခုဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များအားလုံးက သိရှိနားလည်ပြီး ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးသည် ဆက်စပ်လျက်ရှိပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ (၂၁)ရာစုပင်လုံ အစည်းအဝေးများမှ  ပြည်ထောင်စု၏သဘောတူညီချက်များတွင် ၂၀၁၇ ခုနှစ် မေ ၂၉ ရက်က  သဘောတူ လက်မှတ်ရေးထိုးထားသော လူမှုရေးကဏ္ဍသဘောတူညီချက်များတွင် “လက်နက်ကိုင်ပဋိပက္ခများကြောင့် လည်းကောင်း၊ လူတို့၏ ပြုမူဆောင်ရွက်မှုနှင့် သဘာဝဘေးကြောင့်လည်းကောင်း ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာရသူများသည် မိမိနေရပ်၊ အခြားသွားရောက်လိုသည့်ဒေသသို့ လူ့ဂုဏ်သိက္ခာနှင့်အညီ ဘေးကင်းလုံခြုံစွာ အခြေချနေထိုင်နိုင်ရန် ဆိုသည့်အချက် ပါဝင်ရာ မိုင်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်သည် ရခိုင်ပြည်နယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် မဖြစ်မနေဆောင်ရွက်ပေးရမည့် လုပ်ငန်းဖြစ်ပါကြောင်း။

 

လူသားချင်းစာနာထောက်ထားသည့် မိုင်းလုပ်ငန်းစဉ် Humanitarian Demining သည်လည်း အလွန်အရေး ကြီးပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပထမဦးစွာ Pilot Area သတ်မှတ်၍ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နည်းပညာအကူအညီများကို UNICEF နှင့် မိုင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများထံမှရယူ၍ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ICRC ၏ အခန်းကဏ္ဍသည်လည်း အရေးပါကြောင်း၊  ICRC အနေဖြင့် ကချင်ပြည်နယ်၌ IDPs Camp များ ပြန်လည်နေရာချ ထားရာတွင် မိုင်းအန္တရာယ် အသိပညာပေးနှင့် မိုင်းရှင်းလင်းရေးကူညီပံ့ပိုးမှုများကို သက်ဆိုင်ရာပြည်နယ် အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နေပါ ကြောင်း၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းနှင့် ခြေတု၊ လက်တု တပ်ဆင်ပေးသည့် လုပ်ငန်းများတွင်  ICRC နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း။

 

ရခိုင်ပြည်နယ်အတွင်း၌ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နှင့်လည်း ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု မိုင်းအန္တရာယ်ရှင်းလင်းရေး မစတင်နိုင်သေးခင် လက်ရှိအခြေအနေအရ ဒေသခံ ပြည်သူများအား မိုင်းအန္တရာယ်အသိပညာပေးရန်၊ မိုင်းနှင့်ပတ်သက်သည့် သဘောတရားများ၊ မိုင်းအန္တရာယ် မဖြစ်စေရေး ပြုမူဆောင်ရွက်ရမည့်  အလေ့အကျင့်ကောင်းများကို ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်နားလည် ပြုမူဆောင်ရွက်ကျင့်ကြံ နေထိုင်တတ်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖွဲ့စည်းပြီး ဖြစ်သည့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့က ထိရောက်သည့် လုပ်ငန်းစီမံချက်များ ဖော်ဆောင်နိုင်ရန် တက်ရောက် လာကြသော လုပ်ငန်းအဖွဲ့ဝင်များ၊ ပြည်နယ်ဌာနဆိုင်ရာများ၊ NGO၊ INGO များနှင့်  ပူးပေါင်းဆောင်ရွက်ကြမည့် သူများအားလုံး ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် National Mine Risk Working Group ၏အဖွဲ့ခေါင်းဆောင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက လူသားချင်းစာနာထောက်ထားသည့် မိုင်းလုပ်ငန်းစဉ် (Humanitarian Mine Action) ဆောင်ရွက်နေမှုများကို ရှင်းလင်းရာတွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားသည့် နယ်မြေများ၌ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများအန္တရာယ် ကြုံတွေ့နေရမှုများ၊ အမျိုးသားအဆင့် မိုင်းအန္တရာယ် အသိပညာပေးမှုလုပ်ငန်းအဖွဲ့ ဆောင်ရွက်နေမှုများ၊ ကချင်၊ ကယား၊ ကရင်၊ ရှမ်းပြည်နယ်များတွင် ပြည်နယ်အဆင့် လုပ်ငန်းအဖွဲ့ဆောင်ရွက်နေမှုများ၊ မိုင်းဒဏ်သင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ရခိုင်ပြည်နယ်အတွင်း မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများ၊ UNICEF ၊ INGOs ၊ NGOs တို့၏ ပူးပေါင်းပါဝင်မှုဖြင့် မိုင်းအန္တရာယ် အသိပညာပေးရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (National Mine Risk Working Group)ကို ၂၀၁၂ ခုနှစ် ဧပြီ ၂၇ ရက်တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ အများပြည်သူထံ သတင်းအချက်အလက်များ ဖြန့်ဝေခြင်း၊ ပညာပေးသင်တန်း များပို့ချခြင်း၊ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများအား ချိတ်ဆက် ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းများကိုသာ ဆောင်ရွက်ခဲ့ကြသည်။ ယခုအခါ ပြောင်းလဲလာသည့် အခြေအနေနှင့် လိုအပ်ချက်များအရ မိုင်းကြောင့်ထိခိုက်သူများအား ကူညီထောက်ပံ့ပေးသော အဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်ခြင်း၊ အကူကိရိယာမပါသော အကြိုစစ်တမ်းကောက်ယူခြင်း Non-Technical Survey (NTS) များကိုပါ တိုးချဲ့ဆောင်ရွက် လျက်ရှိပြီး လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ မိုင်းလုပ်ငန်းစဉ် (Humanitarian Demining)ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်