ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် တိုင်းရင်းသားလူငယ်များနှင့် တွေ့ဆုံ

နေပြည်တော် ၆ နိုဝင်ဘာ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ကြမည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့တွင် ပညာသင်ယူခဲ့သော ဘွဲ့ရတိုင်းရင်းသားလူငယ်များနှင့် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး ပြည်သူကို တိုက်ရိုက်အကျိုးရှိမည့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပြည်သူ၏ ချစ်ခင်လေးစားမှုကို ရရှိသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်ဘွဲ့ရ တိုင်းရင်းသားလူငယ် ၂၅ ဦးက အဆိုပါဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်