ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ၏ ကြိုတင်ညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ၅ နိုဝင်ဘာ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ၏ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဦးစီးဌာနများ၏ ညွှန်ကြားရေးမှူးရုံးများ တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆောက်အဉီတည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ရုံးများကို လုပ်ငန်းများ အပ်နှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို သက်ဆိုင်ရာအစိုးရအဖွဲ့မှ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများက ဦးဆောင်၍ တည်ဆောက်ရေးလုပ်ငန်းများကို စံချိန်စံနှုန်းနှင့် အရည်အသွေးထိန်းသိမ်းပြီး ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးနိုင်အောင် တင်ဒါခေါ်ယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက တည်ဆောက်ရေးလုပ်ငန်းများကို ဒေသနှင့် ကိုက်ညီ၍ ဘဏ္ဍာနှစ်အတွင်း သတ်မှတ်ရန်ပုံငွေအတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်  ပြောကြားသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက တည်ဆောက်မည့် အဆောက်အဦများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ခံအရာရှိက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)ဝင်းအတွင်း ၆ ခန်းတွဲ ၁ ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများကို စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

သတင်းစဉ်

 

IMG_2833