ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၁၂ ဇန်နဝါရီ

 

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် သာသနာရေးဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားပုထိုးများ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများဖြစ်သော မင်္ဂလာစေတီ၊ လောကဥသျှောင်ဘုရား၊ လောကထိပ်ပန်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဘုရားသုံးဆူဘုရား၊ စူဠာမဏိဘုရား၊ နရသီဟပတေ့ဘုရား၊ သမ္ဘူလဘုရားအပါအဝင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားများ ပြန်လည်ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ထားမှုများနှင့် လုပ်ငန်းပြီးစီးမှုကို လှည့်လည်စစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

 

 

၂၀၁၆ ခုနှစ်၊ သြဂုတ် ၂၄ ရက်တွင် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီပုထိုးများအနက် (၃၈၉)ဆူ ထိခိုက်ပျက်စီးခဲ့သည်။ အဆိုပါထိခိုက်ပျက်စီးခဲ့သည့် စေတီပုထိုးများကို ()နှစ်စီမံကိန်းဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက (၃၇၅) ဆူနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူး အဖွဲ့(၇)က (၁၄)ဆူ ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေးဌာနက (၉)နှစ်ကြာ ပြုပြင်ထိန်းသိမ်းလျက်ရှိသည့် ရေရှည်ကြံ့ခိုင်ရေးလုပ်ငန်း ဆောင်ရွက်ရမည့်  သဗ္ဗညုဘုရား (၁)ဆူသာ ကျန်ရှိပြီး ကျန် (၃၈၈) ဆူလုံး  ရာနှုန်းပြည့် ပြုပြင်ပြီးစီးသွားပြီဖြစ်သည်။  ထို့အပြင် ထပ်မံကွင်းဆင်းတွေ့ရှိချက်အရ  ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် ရှေးဟောင်းဘုရားစေတီ ပုထိုး (၁၁၀) ကိုပါ တစ်ပါတည်း ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်နိုင်ခဲ့သဖြင့် (၄)နှစ် စီမံကိန်းကာလအတွင်း စုစုပေါင်းစေတီပုထိုး (၄၉၈)ဆူ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့သည်။

 

 

လက်ရှိအစိုးရ တာဝန်ယူပြီးကာစဖြစ်သည့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၂၄ ရက် ချောက်မြို့၏ အနောက်ဘက် (၁၀)မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ချ်စတာစကေး (၆ ဒသမ ၈) ရှိသော ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံညောင်ဦးဒေသရှိ ရှေးဟောင်းဘုရားစေတီ (၃၈၉)ဆူ၊ ကျောက်ပန်းတောင်းမြို့နယ် ရေဆုံးရွာရှိ ဘုရားစေတီ (၉၃)ဆူ၊ ရခိုင်ပြည်နယ် မြောက်ဦးဒေသရှိ စေတီပုထိုးနှင့် ရှေးဟောင်းအဆောက်အအုံ (၆)ဆူ  အပါအဝင် အနယ်နယ် အရပ်ရပ်မှ ရှေးဟောင်းအဆောက်အအုံ (၆၀၀)ကျော် ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ ပုဂံရှိ စေတီပုထိုးများ ပျက်စီးခဲ့မှုအတွက် ပြည်သူလူထုနှင့် အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများက အလှူရှင်များ၏ လှူဒါန်းငွေကျပ် (၆၇၉၉ ဒသမ ၁၁၀) သန်းနှင့် နိုင်ငံခြားငွေမျိုးစုံ (၁၀)မျိုး၊ အမေရိကန် ဒေါ်လာ (၁ ဒသမ ၁) သန်းကျော် ရရှိခဲ့သည်။ ထို့အပြင် အသေးစားထိခိုက်ပျက်စီးခဲ့သော ဘုရားစေတီ (၂၂၄)ဆူကို မူလအလှူရှင်များက ဆွေစဉ်မျိုးဆက် ဆက်လက်ပြုပြင် လှူဒါန်းခဲ့ကြသည်။

 

 

ဝန်ကြီးဌာနအနေဖြင့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများကို  ယခုအစိုးရ၏ ပထမသက်တမ်းကာလ အတွင်း၌ပင် ရာနှုန်းပြည့်အားလုံး ပြီးစီးအောင် ပြုပြင်ပြီးစီးခဲ့ပြီဖြစ်သဖြင့် ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ၏ အတွင်းရေးမှူးဖြစ်သော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ယခု ကိုဗစ်-၁၉ ဖြစ်ပွားနေသော ကာလအတွင်းတွင် ပုဂံဒေသသို့ ကွင်းဆင်းသွားရောက်စစ်ဆေးပြီး (၄)နှစ် စီမံကိန်းဖြင့် ငလျင်ဒဏ်ခံစေတီပုထိုးများ ပြုပြင်ဆောင်ရွက်မှုလုပ်ငန်းကို အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်ရန်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

သတင်းစဉ်