ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းဆိုင်ရာ အစည်းအဝေးတက်ရောက်

နေပြည်တော် ၅ နိုဝင်ဘာ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံ လူဇင်ဘတ်ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်း၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံ နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီးဌာနတို့သည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် Protocol ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ Protocol အရ စီမံကိန်းကို လူဇင်ဘတ်နိုင်ငံအစိုးရ၏ နည်းပညာထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်း အောင်မြင်စွာပြီးမြောက်ရေးအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်းများမှ လိုအပ်သောအကြံဉာဏ်နှင့်  ပံ့ပိုးမှုများပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စီမံကိန်းတွင် ဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း ပြင်ဆင်ရေးဆွဲရေးနှင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ သက်မွေးပညာ သင်ကျောင်းများနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့တွင် ခရီးသွားလုပ်ငန်းဘာသာရပ်များ တိုးမြှင့်ဖွင့်လှစ်သင်ကြားရေးတို့ကို ဆွေးနွေးခဲ့ကြပြီး မပြီးပြတ်သေးသည့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းသက်တမ်းကို (၁၈) လ ထပ်မံတိုးမြှင့်ရေး ဆွေးနွေးသဘောတူခဲ့ကြသည်။

 

1

 

အဆိုပါ စီမံကိန်းသည် လူဇင်ဘတ်နိုင်ငံအစိုးရ၏ နည်းပညာထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကာလ ၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း၏ အုပ်ချုပ်မှုနယ်ပယ်၊ ပညာရေးနယ်ပယ်နှင့် ပုဂ္ဂလိကကဏ္ဍတို့တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ရေးများ ဆောင်ရွက်ပေးသော စီမံကိန်းဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်