ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် မန္တလေး ဟိုတယ်နှင့်သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသား/သူများ၊ ကြီးကြပ်သူဆရာ/ဆရာမများနှင့်တွေ့ဆုံ

နေပြည်တော် ၂  ဇူလိုင် 

 

မန္တလေး ဟိုတယ်နှင့်သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသား/သူများနှင့် ကြီးကြပ်သူ ဆရာ/ဆရာမများသည် ယနေ့တွင် လေ့လာရေးခရီးစဉ်အဖြစ် နေပြည်တော်သို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဌာနမှတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ခရီးစဉ်ဒေသများ၏ လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက ပိုမိုပူးပေါင်းဆောင်ရွက်မှသာ ဖွံ့ဖြိုးတိုးတက် အောင်မြင်မည်ဖြစ်ပါကြောင်း၊ ရှေ့ဆက်ပြီး အစိုးရကဏ္ဍအနေဖြင့်လည်း ပိုမိုပြည့်စုံသော အစီအစဉ်များဖြင့် ဆက်လက်ဆောင်ရွက် သွားရန်ရှိပါကြောင်းနှင့်  မန္တလေးဟိုတယ်နှင့် သက်မွေးပညာသင်တန်း ကျောင်း၏ သင်တန်းသူ၊ သင်တန်းသားများအနေဖြင့်လည်း ပိုမိုပြည့်စုံသော ဝန်ဆောင်မှုများပေးနိုင်ပြီး မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ပံ့ပိုးကူညီရင်း အောင်မြင်သော အနာဂတ်များ ရရှိနိုင်ကြပါစေကြောင်းဖြင့်  နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

 

ဆက်လက်၍ မန္တလေး ဟိုတယ်နှင့်သက်မွေးပညာသင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ 

 

အဆိုပါ လေ့လာရေးအဖွဲ့သည့် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နှင့် Hilton Hotel School များသို့ရောက် လေ့လာခဲ့ကြပြီး ညနေပိုင်း တွင် မန္တလေးမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)