ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့အား Virtual Meeting ဖြင့် လက်ခံတွေ့ဆုံ

နေပြည်တော် ၂၉ ဇူလိုင်

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဌ Mr. Alexander C. Feldman နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ Virtual Meeting ဖြင့် လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် အမေရိကန်ကုမ္ပဏီများအား ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ မူဝါဒများ၊ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများအား နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ digitalization နှင့်စပ်လျဉ်း၍  mobile payment system အား တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ COVID-19 Economic Relief Plan (CERP) အကောင်အထည်ဖော်ရာတွင် အမေရိကန်ကုမ္ပဏီများက ပူးပေါင်းပါဝင်ဆောင်ရွက်လိုပါက ဝမ်းမြောက်စွာကြိုဆိုပါကြောင်း ပြောကြားသည်။

 

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ အား ကောင်းစွာထိန်းချုပ် ဆောင်ရွက်နိုင်သည့် အခြေအနေအတွက် ဂုဏ်ယူပါကြောင်း၊ အမေရိကန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ဆက်လက်ရင်းနှီးမြှုပ်နှံသွားရန် အထူးစိတ်ဝင်စားလျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်း၍ SME လုပ်ငန်းများဖွံ့ဖြိုးမှုများ၊ Mobile Payment System ဖွံ့ဖြိုးမှုများ၊ Tax System နှင့် Financial Inclusion Roadmap တိုးတက်မှုများ တို့ကို သိရှိလိုပါကြောင်း ဆွေးနွေးမေးမြန်းသည်။

 

မေးမြန်းဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ National Payment System ဆိုင်ရာကိစ္စရပ်များ၊ Domestic Payment System ဖွံ့ဖြိုးလာရေးအတွက် ရင်းနှီးမြှုပ်နှံလိုသည့် ကိစ္စရပ်များ၊ Mobile Payment System ဖွံ့ဖြိုးမှုနှင့်စပ်လျဉ်း၍ ဒေသအချို့တွင် Pilot Project များအား စတင်ဆောင်ရွက်လျက်ရှိပြီး၊ SMEs များ Digitalization Transaction တွင် ပါဝင်ဆောင်ရွက်လာနိုင်စေရေးအတွက် နည်းပညာများ ပံ့ပိုးကူညီပေးခြင်း၊ သင်တန်းများပေးခြင်း စသည်တို့ကို ဆောင်ရွက်နေသည့် အခြေအနေများ၊ Tax System အား နိုင်ငံတကာအခွန်စနစ်များနှင့်အညီ ပြုပြင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ Financial Inclusion Roadmap နှင့်စပ်လျဉ်း၍ ဝင်ငွေနည်း ပြည်သူများသို့ ဝန်ဆောင်မှုပေးခြင်း၊ SMEs များနှင့် လုပ်ငန်းပမာဏကြီးမားသော လယ်သမားများသို့ ငွေကြေးဝန်ဆောင်မှုပေးခြင်း ကိစ္စရပ်များတွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်လာနိုင်ရေးအတွက် ငွေကြေးဆိုင်ရာ အသိပညာပေးခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အာမခံလုပ်ငန်းနှင့်စပ်လျဉ်း၍ Insurance Business Law အား အပြီးသတ်ရေးဆွဲ၍ လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည့် အခြေအနေများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာဌာနအကြီးအကဲများက  ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

 

ဆွေးနွေးပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီဘက်မှ Chevron, Chubb, Coca-Cola, Visa အပါအဝင် အမေရိကန် ထိပ်တန်းကုမ္ပဏီ (၁၀)ခုတို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

 

သတင်းစဉ်