ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း Launching Ceremony of Myanmar Entry into the ASEAN Single Window အခမ်းအနားသို့ တက်ရောက်

နေပြည်တော်  ၆   မတ်

ASEAN Single Window သို့ ဝင်ရောက်ချိတ်ဆက်နိုင်ခဲ့သည့် Launching Ceremony of Myanmar Entry into the ASEAN Single Window အခမ်းအနားကို   ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။

 

ရှေးဦးစွာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က အာဆီယံ၏ ကတိကဝတ်များအရ အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များကို စာရွက်စာတမ်း အခြေပြုလက်ခံဆောင်ရွက်ရာမှ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုချောမွေ့လာစေရန် ရည်ရွယ်၍ အကောက်ခွန်ဦးစီးဌာနသည် အီလက်ထရောနစ်စနစ် အသုံးပြု၍ ပေးပို့လက်ခံဆောင်ရွက်နိုင်ရေးကို အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊

 

ယင်းသို့အကောင်အထည်ဖော်ရာတွင် National Single Window စနစ်တစ်ခုကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် ကာလအတွင်း အာဆီယံနိုင်ငံများနှင့် နည်းပညာ အသုံးပြုချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် National Single Window Routing Platform (NSW-RP) ကြားခံ စနစ်တစ်ခုကို USAID (United States Agency for International Development) ၏ အကူအညီဖြင့် ၂၀၁၈ ခုနှစ်မှစ၍ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး၊ ယခုအခါ ပထမအဆင့် အနေဖြင့် Country of Original Certificate (AITGA e-Form D) ကို အာဆီယံနိုင်ငံများနှင့် ချိတ်ဆက်၍ အီလက်ထရောနစ်နည်းလမ်းဖြင့် ပေးပို့လက်ခံလဲလှယ်သည့် ASEAN Single Window Live Operation သို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် စတင်ဝင်ရောက် ချိတ်ဆက် နိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍လည်း ASEAN Customs Declaration Document (ACDD) နှင့်  electronic Sanitary and Phytosanitary (e-SPS) ဆိုင်ရာ စာရွက်စာတမ်းများ အပြန်အလှန် လဲလှယ်နိုင်ရေးကိုလည်း USAID ၏ အကူအညီဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 

ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးမင်းမင်းနှင့် USAID ၏ မြန်မာနိုင်ငံဆိုင်ရာ Mission Director Ms. Teresa McGhie တို့က အမှာစကား ပြောကြားကြသည်။

 

မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း ကုန်သွယ်မှုလွယ်ကူလျင်မြန်ချောမွေ့စေရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်မှုဆိုင်ရာအတားအဆီးများအား လျှော့ချနိုင်ရေးနှင့် ASEAN Single Window နှင့် ချိတ်ဆက်လိုက်ပါဆောင်ရွက် နိုင်ရေးတို့အတွက် အခြားအာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ASEAN Single Window Live Operation သို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် အာဆီယံဒေသတွင်း (၈)နိုင်ငံမြောက် နိုင်ငံအဖြစ် အာဆီယံနိုင်ငံများနှင့် စတင်ဝင်ရောက် ချိတ်ဆက်ဆောင်ရွက်နိုင်ပြီဖြစ်သည်။ ဒုတိယအဆင့် အနေဖြင့် ပထမအဆင့်တွင် ဆောင်ရွက်ခဲ့သော AITGA e-Form D လဲလှယ်ခြင်း၏ တည်ဆောက် ပုံအား မှီငြမ်း၍ ACDD  နှင့်  e-SPS Certificates များလဲလှယ်နိုင်စေရေးကို ဆောင်ရွက်သွား မည်ဖြစ်သည်။ တတိယအဆင့် အနေဖြင့် အကောက်ခွန်ဉီးစီးဌာနသည် ကမ္ဘာ့ဘဏ်၏ အကူ အညီဖြင့် ရေးဆွဲထားသော National Single Window Blueprint ပါ အကြံပြုချက်များ အတိုင်း နိုင်ငံတွင်းရှိ ကုန်သွယ်မှုနှင့် ဆက်စပ်နေသော အစိုးရပိုင်စနစ်များ၊  stakeholder များအားလုံးနှင့် တစ်စုတစ်စည်းတည်းချိတ်ဆက်ကာအသုံးပြုနိုင်သော နိုင်ငံတော် ပြတင်း တစ်ပေါက်စနစ် (National Single Window) တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွား နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ASEAN Single Window ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ ပို့ကုန်နှင့် သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် e-Form D လုပ်ငန်းစဉ်များကို အချိန်နှင့် ကုန်ကျ စရိတ်များ သက်သာစွာဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်ပြီး၊ အချက်အလက်များ မှန်ကန်မှု၊ မြန်ဆန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်မှု အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် အကျိုးဆက်အနေဖြင့် ရင်းနှီး မြှုပ်နှံမှုများ တိုးမြင့်လာရေးနှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေးတို့အတွက် များစွာ အထောက်အကူပြုစေနိုင်မည် ဖြစ်သည်။

 

အဆိုပါအခမ်းအနားသို့ ကုန်သွယ်မှုနှင့်ဆက်စပ်ဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)