ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာလအတွင်း လမ်း၊ တံတား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများအား Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ ကြည့်ရှုစစ်ဆေး

နေပြည်တော်   မေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်မှ လုပ်ငန်းဆောင်ရွက်နေသည့် စီမံကိန်းနေရာများနှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေ၊ မိုးဦးကာလရောက်ရှိပြီဖြစ်၍ သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်း အစီအမံများ၊ ကိုဗစ်-၁၉ အလွန် လမ်းပန်းဆက်သွယ်က ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို သက်ဆိုင်ရာပြည်နယ်အလိုက် Power Point ဖြင့် ရှင်းလင်းတင်ပြမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ လမ်းဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးအောင်မျိုးဦး က ကရင်ပြည်နယ်အတွင်းရှိ အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသောင်းဟန်စိုး က ကရင်ပြည်နယ်အတွင်းရှိ လမ်း၊ တံတားလုပ်ငန်း များ ဆောင်ရွက်နေမှု၊ လုပ်ငန်းတိုးတက်မှု၊ ကိုဗစ်-၁၉ ကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကို လည်းကောင်း၊ ဆက်လက်၍ အရှေ့အနောက် စီးပွားရေးစင်္ကြလမ်းစီမံကိန်းတွင် ပါဝင်သည့် ဂျိုင်း(ကော့ကရိတ်) တံတား လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိန္ဒု-ကော့ကရိတ် လမ်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုးတက်မှု အခြေအနေကိုလည်းကောင်း၊ ဂျိုင်း(ကော့ကရိတ်)တံတား လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လုပ်ငန်းစီမံကိန်းနေရာ များနှင့် တိုက်ရိုက်ချိတ်ဆက်၍ Video Clip ဖြင့် ပြသမှုအား ကြည့်ရှုစစ်ဆေးသည်။

 

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းတို့က လမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စတင်ဆောင်ရွက်စဉ်ကပင် အရည်အသွေးပြည့်မီရန် လိုပါကြောင်း၊ ပျက်စီးသွားလျှင်ပြုပြင်ရန် ခက်ခဲပါကြောင်း၊ မိုးတွင်းကာလရောက်ရှိပြီဖြစ်၍ လုပ်ငန်းများသတ်မှတ်အချိန်မီ ပြီစီးအောင်ဆောင်ရွက်ရန် လိုပါကြောင်း၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ယခုအချိန်မှစ၍ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါကြောင်း၊ ကိုဗစ်-၁၉ ကာလ အတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် စည်းစည်းလုံးလုံးဖြင့် ရုံးချုပ်၏ညွှန်ကြားချက်နှင့်အညီ ပြည်နယ်အစိုးရအဖွဲ့ နှင့် ပူးပေါင်းပြီး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန်မှာကြားသည်။

 

ထို့နောက် မွန်းလွဲ ၃ နာရီတွင် ချင်းပြည်နယ်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲလင်းက ချင်းပြည်နယ်အတွင်း လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၂)မှ တာဝန်ယူဆောင်ရွက်နေသည့် ဟားခါး-ဟာသာ-မှန်တောလမ်းအပိုင်း မိုင်တိုင်အမှတ် (၅၄/၅) မှ (၆၄/၅) အထိ (၁၀)မိုင်အား မြေသားလမ်းသစ် ဖောက်လုပ်နေမှု အခြေအနေကိုလည်းကောင်း၊ မတူပီ - ပလက်ဝလမ်း အပိုင်း မိုင်တိုင်အမှတ်(၃၅/၃) မှ (၆၅/၃) ထိ မိုင်(၃၀) အား လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ဆက်လက်၍ တံတားဦးစီးဌာန၊ တံတားစီမံကိန်းအဖွဲ့(၁)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးတင်မောင်ထွေး က ကလေး-ဖလမ်း- ဟားခါးလမ်းပေါ်ရှိ မဏိပူရ်မြစ်ကူး၊ ဗားရ်တံတားအမှတ်(၂) တည်ဆောက်နေမှု၊ တီးတိန်-ရိခေါဒါရ် လမ်းပေါ်ရှိ မံဆွောင်းတံတားတည်ဆောက်နေမှု၊ ဟားခါး-ဟာသာ-မှန်တောလမ်းပေါ်ရှိ ဒေါင်ဗားချောင်းတံတား တည်ဆောက်နေမှုနှင့် စီမံကိန်းလုပ်ငန်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုတို့ကို လည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဆွေက ချင်းပြည်နယ် အတွင်းရှိ ကျေးလက်လမ်းများ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေတို့ကို Power Point ဖြင့် ရှင်းလင်း တင်ပြကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၂)မှ ဟားခါး-ဟာသာ- မှန်တောလမ်း ဆောင်ရွက်နေမှု၊ မတူပီ-ပလက်ဝလမ်း ဆောင်ရွက်နေမှု၊ တံတားဦးစီးဌာန၊ တံတားစီမံကိန်းအဖွဲ့(၁)မှ တာဝန်ယူ ဆောင်ရွက်နေသော ကလေး-ဖလမ်း-ဟားခါး လမ်းပေါ်ရှိ မဏိပူရ်မြစ်ကူး၊ ဗားရ်တံတားတည်ဆောက်နေမှု၊ တီးတိန်- ရိခေါဒါရ်လမ်းပေါ်ရှိ မံဆွောင်းတံတား တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ဟားခါး-ဟာသာ -မှန်တောလမ်းပေါ်ရှိ ဒေါင်ဗားချောင်းတံတား တည်ဆောက်နေမှုတို့ကို စီမံကိန်းလုပ်ငန်းနေရာများနှင့် တိုက်ရိုက် ချိတ်ဆက်၍ Video Clip ဖြင့် ပြသမှုအား ကြည့်ရှုစစ်ဆေးသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ကိုဗစ်-၁၉ ကာလအတွင်း ချင်းပြည်နယ် အတွင်းရှိ လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ မိုးဦးကာလရောက်ရှိပြီဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ  ဆောင်ရွက်ထားရှိရန် လိုပါကြောင်း၊  ချင်းပြည်နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေး အထူးအလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ အထူးအားဖြင့် အတူပီ-ပလက်ဝလမ်းကို မိုးရာသီမပြတ်တောက်ရန်အတွက် စီမံဆောင်ရွက်ဖို့လိုကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားချက်နှင့်အညီ ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူများ၏ လိုအပ်ချက်များ ကို ကူညီဆောင်ရွက်ပေးရန်တို့ကို မှာကြားသည်။

သတင်းစဉ်