ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် နွားထိုးကြီး - တောင်သာ ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော်  ၁၉  ဇန်နဝါရီ 

ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်တွင် Pilot Project ဖြင့် ဆောင်ရွက်ပြီးစီးသည့် နွားထိုးကြီး -တောင်သာ ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ လမ်းပိုင်းရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က နွားထိုးကြီး - တောင်သာ ကတ္တရာလမ်းသည် အရှည် ၁၇ မိုင် ၄ ဖာလုံ၊ အကျယ် (၁၂)ပေရှိပြီး ယခင်က ကျောက်ချော လမ်းအဆင့်သာရှိခဲ့ရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ Pilot  Project ဖြင့် ဆောင်ရွက် ပြီးစီးခဲ့သည့်အတွက် ယနေ့အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုလမ်းအပိုင်းကို ဖွင့်လှစ်ပေးလိုက်သည့်အတွက် ယခင် နွားထိုးကြီးမြို့မှ မြင်းခြံမြို့နှင့် တောင်သာမြို့သို့ ပတ်ပြီး (၃၄)မိုင် သွားရသည့်ခရီးကို ယခု(၁၇)မိုင်(၄)ဖာလုံဖြင့် နွားထိုးကြီးမြို့မှ တောင်သာ မြို့သို့ တိုက်ရိုက်ရောက်ရှိမည်ဖြစ်၍ ယာဉ်မောင်းချိန် မိနစ် ၃၀ နှင့် လမ်းမိုင်အရှည် ၁၆ မိုင် ၄ ဖာလုံ သက်သာကာ ကျေးရွာ ၂၈ ရွာရှိ အိမ်ခြေ ၃၇၂၆ အိမ်နှင့် လူဦးရေ ၂၄၄၂၀ ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း။ 

 

a

 

ယခုကဲ့သို့ အရည်အသွေးကောင်းမွန်သည့် ကျေးလက်လမ်းနှင့် တံတားများ ဒေသ အသီးသီးတွင် ပေါ်ထွန်းလာသည့်အတွက်   ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝ မြင့်မားလာပြီး ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရေးတွင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ငွေကြေးအမြောက်အများ အကုန်အကျခံ တည်ဆောက်ပေးခဲ့ သည့် နွားထိုးကြီး - တောင်သာ ကတ္တရာလမ်းသစ်ကြီးကို ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

 

a

 

ထို့နောက် တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု များကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နွားထိုးကြီး - တောင်သာ ကတ္တရာလမ်းသစ်ကို ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးခင်သက်၊ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်နှင့် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ကတ္တရာလမ်းသစ်ပေါ် ဖြတ်သန်းကြည့်ရှုကြသည်။

(သတင်းစဉ်)