ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် (၁၇)ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်

နေပြည်တော်၊ ၂၂ ဇန်နဝါရီ

(၁၇)ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (အေစီဒီ) ဝန်ကြီးအဆင့် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တူရကီနိုင်ငံ အန်ကာရာမြို့၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်  မိန့်ခွန်းပြောကြားသည်။

 

a1231

 

အဆိုပါအစည်းအဝေး၌ တူရကီသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မေဗလွတ် ကာဗယ်စလူ က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အေစီဒီအဖွဲ့ဝင်နိုင်ငံများမှ ဒုတိယ ဝန်ကြီးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ ကိုယ်စားလှယ်များက  “နေထိုင်မှု ပုံစံအသစ်၊ လုံခြုံစိတ်ချ ကောင်းမွန်သည့် ခရီးသွားလုပ်ငန်း” ခေါင်းစဉ်အောက်တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၏ ထိခိုက်မှုများ လျော့ပါးသက်သာစေရေးအတွက် အေစီဒီအဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မိန့်ခွန်းပြောကြားရာ၌ ယနေ့ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါသည် အာရှနိုင်ငံများ၏ ဂျီဒီပီကို အဓိကပံ့ပိုးပေးလျက်ရှိသည့် ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် ကဏ္ဍအသီးသီးကို ထိခိုက် စေခဲ့ကြောင်း၊ အာရှဒေသသည် မိမိတို့၏သမိုင်းကြောင်း၊ မတူကွဲပြားမှုနှင့် ယဉ်ကျေးမှု အမွေအနှစ်ကြွယ်ဝမှုနှင့် သဘာဝ အလှအပတို့ကြောင့် ခရီးသွားလုပ်ငန်းကို ပြန်လည်ဦးမော့ လာစေရန် အလားအလာကောင်းများစွာရှိနေကြောင်း၊ ဒေသတွင်းနှင့် ဒေသတစ်ခုနှင့် တစ်ခုအကြား ခရီးသွားလုပ်ငန်းများကို မြှင့်တင်ခြင်း သည် စီးပွားရေးကိုသာမက ပြည်သူများ အကြားအပြန်အလှန်နားလည်ချစ်ကြည်မှုကို တိုးမြှင့်နိုင်မည်ဖြစ်ကာ ဒေသတွင်းငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနှင့် သာယာဝပြောရေးကိုပါ ဆောင်ကြဉ်းပေး နိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေကို ထိန်းချုပ်နိုင်လာသည့်အခါ မြန်မာနိုင်ငံသည် နှစ်နိုင်ငံချင်းနှင့် ဒေသတွင်း လုံခြုံသည့်ခရီးသွားလာရေး အစီအမံများကို အကောင်အထည် ဖော်နိုင်ရန် လိုအပ်သည်များ ပြင်ဆင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာပိုလျှံသည့် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် အရှေ့အလယ်ပိုင်းနိုင်ငံများ အပါအဝင် အာရှနိုင်ငံများရှိ ဈေးကွက်သစ်များသို့ စိုက်ပျိုးရေးနှင့် ရေထွက်ပစ္စည်းများတင်ပို့မှု မြှင့်တင်ခြင်းဖြင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းနှင့် အေစီဒီ၏ ဘုံရည်မှန်းချက်များ အောင်မြင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ နီးကပ်စွာပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေးတွင် အန်ကာရာကြေညာချက်ကို အတည်ပြုထုတ်ပြန်ခဲ့ရာ ယင်းကြေညာချက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု ကာကွယ်တားဆီးရေး၊ ကျန်းမာရေးညွှန် ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ ခရီးသွားလုပ်ငန်းနှင့် ခရီးသွားဝန်ဆောင်မှုကဏ္ဍ ဘက်စုံပြန်လည် ထူထောင်ရာတွင် သတင်းအချက်အလက်နှင့် အလေ့အကျင့်ကောင်းများကို မျှဝေဖလှယ်ရေးနှင့် ၂၀၂၁ ခုနှစ်တွင် ကာတာနိုင်ငံက ကြီးမှူးကျင်းပမည့် တတိယအကြိမ်မြောက် အေစီဒီထိပ်သီး အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရေးကိစ္စများအပါအဝင် ထောက်ခံတင်ပြချက်များကို ထည့်သွင်းဖော်ပြထားသည်။

အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (အေစီဒီ)ကို အာရှဒေသ၏ စုပေါင်း စွမ်းအား၊ ကြွယ်ဝသည့်အရင်းအမြစ်များ၊ မတူကွဲပြားမှုနှင့်အခွင့်အလမ်းများကိုဖော်ထုတ်၍ ခိုင်မာအားကောင်းသည့် ဒေသတစ်ခုဖြစ်စေရန် ရည်ရွယ်၍ ဦးစားပေးကဏ္ဍ (၆)ခု ချမှတ်ကာ ပူးပေါင်းဆောင်ရွက်ရန် အတွက် ၂၀၀၂ ခုနှစ်၊ ဇွန်လတွင် ထိုင်းနိုင်ငံ၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အေစီဒီဆွေးနွေးပွဲ တွင် အဖွဲ့ဝင်အဖြစ် အာရှဒေသမှ (၃၅)နိုင်ငံ ပါဝင်သည်။

သတင်းစဉ်