ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မိုးကုတ်မြို့၌လီဆူး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ နီပေါလ်(ဂေါ်ရခါး)၊ ခိုလုံလီရှော၊ ကိုးကန့်နှင့် မုန်းဝန်းယဉ်ကျေးမှုအဖွဲ့ဝင်များ နှင့်တွေ့ဆုံ

နေပြည်တော် ၆ ဇန်နဝါရီ

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရွှေလိပ်ပြာဟိုတယ် အစည်းအဝေးခန်းမ၌ လီဆူး စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ နီပေါလ်(ဂေါ်ရခါး)၊ ခိုလုံလီရှော၊ ကိုးကန့်နှင့် မုန်းဝန်းယဉ်ကျေးမှုအဖွဲ့ဝင်များကို အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လုပ်ငန်းဆောင်ရွက်မှုများ နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ စတင်တာဝန်ယူချိန်မှစ၍ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် သစ္စာစီမံချက်များ ရေးဆွဲကာ ဖြေလျှော့မှုများဖြင့် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွန်ကြားချက်များကို အခြေခံ၍ သတ်မှတ်အထောက်အထား စာရွက်စာတမ်းများအရ ဆောင်ရွက်ရပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းဆိုင်ရာအရ ကြန့်ကြာမှုများလည်း ရှိပါကြောင်း၊ အထောက်အထား မပြည့်စုံမှုများကြောင့် ကြန့်ကြာမှုများအပေါ် ပြည်သူများ အထင်အမြင် လွဲမှားမှုများလည်း ရှိပါကြောင်း၊ ယခုမိုးကုတ်မြို့ရှိ လီဆူး တိုင်းရင်းသားများနှင့်ပတ်သက်၍ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် ကာလတစ်ခု သတ်မှတ်ကာ စီမံချက်ရေးစွဲဆောင်ရွက်သွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရှမ်းပြည်နယ် လီဆူးတိုင်းသားရေးရာဝန်ကြီး ဦးဂူဆာ၊ မိုးကုတ်မြို့ရှိ လီဆူး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နာယက ဦးယောဆက်နှင့် တာဝန်ရှိသူများက မိုးကုတ်မြို့နယ် အတွင်းရှိ လီဆူးတိုင်းရင်းသားများ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များအပေါ် ပံ့ပိုးကူညီဆောင်ရွက် ပေးနိုင်ရေးနှင့် လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါခန်းမ၌ နီပေါလ်(ဂေါ်ရခါး)ယဉ်ကျေးမှုအဖွဲ့၊ ခိုလုံလီရှောယဉ်ကျေးမှုအဖွဲ့၊ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့နှင့် မုန်းဝန်းယဉ်ကျေးမှုအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ ကိုတွေ့ဆုံ၍ မိုးကုတ်မြို့နယ်အတွင်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးမှုများ၊ လုပ်ငန်းစဉ်များအရ လွယ်ကူလျင်မြန်စေရေးအတွက် ဖြေလျော့ဆောင်ရွက်ပေးမှုများ၊ ဥပဒေ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များအပေါ် အခြေခံဆောင်ရွက်ရသည့်အတွက် လိုအပ်သော အထောက်အထားစာရွက်စာတမ်းများ ပြည့်စုံနိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ သက်ဆိုင်ရာအဖွဲ့ဝင်များက ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည့် အခြေနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မိုးကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ  မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစောသောင်းတင်နှင့် သက်ဆိုင်ရာယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့် လုပ်ငန်းစဉ်များအပေါ်  ပူးပေါင်းကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များကို အဖွဲ့အလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

အလားတူ ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် သပိတ်ကျင်းမြို့နယ် ဖောတောကျေးရွာရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ စစ်ဆေးရေးအဖွဲ့ရုံးသို့ ရောက်ရှိပြီး တာဝန်ကျဝန်ထမ်းများ နှင့်တွေ့ဆုံ၍ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ ကန့်သတ်နယ်မြေများသို့ ခွင့်ပြုချက်မရှိသည့် နိုင်ငံခြားသားများ ဝင်ထွက်သွားလာမှု မရှိစေရေးအတွက် ဂရုပြုဆောင်ရွက်ကြရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင်  ဆက်စပ်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးနှင့် လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

သတင်းစဉ်