ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် အင်းစိန်ဒီဇယ် စက်ခေါင်းစက်ရုံ တိုးချဲ့နေမှုနှင့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ၁၈  သြဂုတ် 


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အင်းစိန်ဒီဇယ်စက်ခေါင်းစက်ရုံအနီးတွင် တိုးချဲ့တည်ဆောက်မည့် စီမံကိန်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ရန်ကုန်မြို့ပတ်ရထားလမ်း အနောက်ခြမ်းစီမံကိန်း ရှင်းလင်းဆောင်၌ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ(မြို့ပြ) ဦးမောင်မောင်သွင်က အင်းစိန်ဒီဇယ်စက် ခေါင်းစက်ရုံ တိုးချဲ့တည်ဆောက်ရေးစီမံကိန်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းအစီအစဉ် များ၊ အေဝမ်းကုမ္ပဏီလီမိတက်မှ စီမံကိန်းဒါရိုက်တာက ရန်ကုန်မြို့ပတ်ရထားလမ်း အနောက်ခြမ်းစီမံကိန်း၏ ဘုရားလမ်း - တညင်းကုန်း ရထားလမ်းပိုင်းဆောင်ရွက်နေမှု၊ ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီမှ စီမံကိန်းဒါရိုက်တာက တညင်းကုန်း - မင်္ဂလာဒုံ - ကျိုက်က္ကလဲ့ ရထားလမ်းပိုင်းနှင့် တညင်းကုန်း - အင်းစိန် ရထားလမ်းပိုင်း အဆင့်မြှင့်တင် နေမှုများကို ရှင်းလင်းတင်ပြကြရာ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလ အချိန်မီပြီးစီးရေး၊ စနစ်တကျဖြင့် ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ရထားလမ်းခင်းကျောက်များ လိုအပ်ချက်ရှိပါက ကျောက်ရထားများ ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရေး တို့ကို မှာကြားသည်။


(သတင်းစဉ်)

 

0.7