ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကျောက်တန်းမြို့နယ်ရှိ (၃၃/၁၁)ကေဗွီ၊ (၅)အမ်ဗွီအေ ကမာကလုတ်/ကရင်ချောင် ဓာတ်အားခွဲရုံ ဖွင့်ပွဲတက်ရောက်

နေပြည်တော် ၆ ဇန်နဝါရီ

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကမာကလုတ်/ကရင်ချောင် ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်က အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေးနှင့် လျှပ်စစ်ဓာတ်အား တည်ငြိမ် ပြည့်ဝစွာရရှိစေရေးတို့ကို အဓိကအခန်းကဏ္ဍမှ ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ရည်မှန်းချက်ဖြစ်သည့် ပြည်သူများနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ် ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးနိုင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းအထိ နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ဆက်လက်၍ ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅ - ၂၀၂၆ ဘဏ္ဏာနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်း အထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်းအပြည့်အဝ လျှပ်စစ်ဓာတ်အား ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယခင်က ကမာကလုတ်ကျေးရွာနှင့် ကရင်ချောင်ကျေးရွာ အပါအဝင် ကျောက်တန်းမြို့နယ်နှင့် တံတားမြို့တို့ရှိ ဇွဲကနာ၊ မင်းဂလွန်း၊ အစဲ၊ နရွဲချောင်၊ ခနောင်၊ မြကိုင်း၊ ကုလားတန်း၊ ကွနှီးနှင့် ဇွဲဘာကုန်းတန်း ကျေးရွာ(၁၁)ရွာသို့ 33/11 kV, 5 MVA တံတားဓာတ်အားခွဲရုံမှတဆင့် 11 kV ကောင်းကင်ဓာတ်အားလိုင်း ၁၅ ဒသမ ၇ မိုင်ခန့်သွယ်တန်း၍ လည်းကောင်း၊ ကျောက်တန်းမြို့ရှိ မီးပြ၊ ချောင်းဝ၊ ဘော်ဂလွတ်၊ ရွာသစ်ကလေး၊ ပန်းတောနှင့် ဥယျာဉ် ကျေးရွာ (၆)ရွာသို့ 33/6.6 kV , 10+3 MVA ကျောက်တန်းဓာတ်အားခွဲရုံမှတစ်ဆင့် 6.6 kV ကောင်းကင်ဓာတ်အားလိုင်း ၁၃ ဒသမ ၅ မိုင်ခန့်သွယ်တန်း၍ လည်းကောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခဲ့ပါကြောင်း။

 

ထိုသို့ ဓာတ်အားလိုင်းမိုင် ရှည်လျားစွာဖြင့် ဓာတ်အားဖြန့်ဖြူးပေးထားရသည့်အတွက် ဓာတ်အားပျောက်ဆုံးမှု များပြားရသည့်အပြင် ဓာတ်အားလိုင်းအပြစ်ဖြစ်ပေါ်၍ ဓာတ်အား ပြတ်တောက်သည့်အခါ လိုင်းရှည်လျားမှုကြောင့် အပြစ်ရှာဖွေရသည့်အချိန် ကြာမြင့်သဖြင့် ဓာတ်အားပြတ်ချိန် ကြာမြင့်ခြင်းအပြင် ဓာတ်အားပြတ်တောက်မှု အကြိမ်ရေလည်း များလာ ခြင်းတို့ကြောင့် ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရပါ ကြောင်း၊ ထို့ကြောင့် ယခုဓာတ်အားခွဲရုံ အနီးဝန်းကျင်ရှိ ကျောက်တန်းမြို့နယ်အတွင်း ကျေးရွာနေပြည်သူများ အဆင်မပြေမှုများ လျော့နည်းသွားစေရန်အတွက် ဓာတ်အားခွဲရုံကို တိုးချဲ့တည်ဆောက်ပေးရခြင်းဖြစ်ကြောင်း၊ ယခုလို ဓာတ်အားခွဲရုံများ ဖွင့်လှစ်နိုင်ခြင်းဖြင့် ဓာတ်အားခွဲရုံနှင့် ဆက်စပ်နေသည့် ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ တိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ မုချမသွေတိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ယခုဓာတ်အားခွဲရုံ ဖွင့်လှစ်လိုက်ပြီဖြစ်သည့် အတွက် ရှည်လျားစွာသွယ်တန်းပြီး ဓာတ်အားပေးနေရသည့် ယခင်ဓာတ်အားလိုင်းများမှ မဟုတ်ဘဲ ဓာတ်အားခွဲရုံအသစ်မှ ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်သည့်အတွက် ဓာတ်အား လိုင်းတိုသွားပြီး ပိုမိုတည်ငြိမ်၍ စွမ်းအားပြည့်ဝသည့် လျှပ်စစ်ဓာတ်အားရရှိနိုင်လာမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဓာတ်အားခွဲရုံ ဖွင့်လှစ်နိုင်ခဲ့ခြင်း နှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးနှင့် ကျောက်တန်းမြို့နယ် ကမာကလုတ် ကျေးရွာရပ်မိရပ်ဖ ဦးတင်မိုးလွင်တို့က ဓာတ်အားခွဲရုံ ဖွင့်လှစ်နိုင်ခြင်းအတွက် ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားကြသည်။

 

ယင်းနောက် 33/11 kV, 5 MVA ကမာကလုတ်/ကရင်ချောင် ဓာတ်အားခွဲရုံ မုခ်ဦးကို တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်နှင့် ဒေါ်သက်သက်မူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ကမာကလုတ်/ကရင်ချောင် ဓာတ်အားခွဲရုံ မော်ကွန်းကမ္ဗည်း ကျောက်စာ အား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးလှအေး တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားကို တည်ငြိမ်ပြည့်ဝစွာဖြင့် အသုံးပြုနိုင်ရန်အတွက် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းများ ကို အဆင့်မြှင့်တင်ခြင်းတို့အတွက် ၂၀၁၆ ခုနှစ် ဧပြီလမှ ယနေ့အထိ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ငွေကျပ် ၁၇၉ ဒသမ ၆၉ ဘီလီယံခန့်၊ တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၃၂ ဒသမ ၆ ဘီလီယံခန့် အကုန်ကျခံ၍ 33/11 kV, 5 MVA ဓာတ်အားခွဲရုံ(၇)ရုံ၊ 33 kV ဓာတ်အားလိုင်း (၆၁) မိုင်ခန့်၊ 11 kV ဓာတ်အားလိုင်း (၂၆၇) မိုင်ခန့်၊ ဓာတ်အားဖြန့်ဖြုးရေးထရန်စဖော်မာ (၃၀၂) လုံး၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း (၂၀၈) မိုင်ခန့် အသစ်တည်ဆောက်ပြီး ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ကော့မှူး၊ ကွမ်းခြံကုန်း၊ ကျောက်တန်းနှင့် တွံတေး မြို့နယ်(၄)မြို့နယ်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံနှင့် အဖျောက် မြို့နယ်(၄)မြို့နယ်တို့အတွင်းရှိ ကျေးရွာအချို့ကို ထပ်မံ၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများ လျှပ်စစ်ဓာတ်အားရရှိရေး အတွက် ၂၀၁၆ ခုနှစ်တွင် ကျေးရွာပေါင်း ၁၀၈၅ ရွာ မီးလင်းခဲ့၍ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ၂၆၉ ရွာ ထပ်မံမီးလင်းခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၆၄ ရာခိုင်နှုန်းခန့်၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်ထပ်မံ၍ ၄၉၅ ရွာ လျှပ်စစ်မီးရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ ရာခိုင်နှုန်း အားဖြင့် ၈၇ ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အားရရှိ သုံးစွဲနိုင်မည်ဖြစ်သည်။

 

၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်  ကျန်သည့်ကျေးရွာ ၂၅၉ ရွာ လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် ဆောင်ရွက်ပေးရန် စီစဉ်လျာထားပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကုန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများ ရာခိုင်နှုန်းအားဖြင့် (၁၀၀) ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အားရရှိအောင် ရည်မှန်းချက်ထား စီမံဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

သတင်းစဉ်