ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် နေပြည်တော်ကောင်စီ နယ်မြေရှိ National Control Center (NCC) ၊ ၂၃၀ ကေဗွီ နေပြည်တော် (၂) ပင်မ ဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ ပျဉ်းမနား ပင်မဓာတ်အားခွဲရုံတို့ကို  ကြည့်ရှုစစ်ဆေး 

နေပြည်တော် ၂၈   နိုဝင်ဘာ  
      
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေရှိ နိုင်ငံတော်ဓာတ်အားစနစ်ကွပ်ကဲရေး ဗဟိုဌာန၊ ပုဗ္ဗသီရိ မြို့နယ်ရှိ ၂၃၀ ကေဗွီ နေပြည်တော် (၂) ပင်မဓာတ်အားခွဲရုံနှင့် ပျဉ်းမနားမြို့နယ်ရှိ ၂၃၀ ကေဗွီ ပျဉ်းမနား ပင်မဓာတ်အားခွဲရုံတို့သို့ သွားရောက်ပြီး  နိုင်ငံတော်၏ တိုးတက်သုံးစွဲလျက်ရှိသော လျှပ်စစ်ဓာတ်အား သယ်ဆောင်ဖြန့်ဖြူးပေးမှုနှင့် တိုးတက်ထုတ်လုပ်လာမည့် လျှပ်စစ်ဓာတ်အားများကို သယ်ဆောင်ပေးနိုင်ရန်အတွက် ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်ဓာတ်အားစနစ် ကွပ်ကဲရေးဗဟိုဌာန National Control Center (NCC) သို့ ရောက်ရှိရာ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသိမ်းသူရ က ဓာတ်အားစနစ် တည်ငြိမ်စွာ စဉ်ဆက်မပြတ် ဓာတ်အားပေးနိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေမှု၊ အနာဂတ်တွင် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားစနစ်သို့ ဝင်ရောက်လာပါက ထိန်းညှိဆောင်ရွက်မည့် အစီအစဉ်၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေ၊ Smart Grid ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်ထားရှိမှု ၊ အရည်အသွေး ကောင်းမွန်သော ဓာတ်အားစနစ်နှင့် Voltage ပြည့်ဝစွာ ဓာတ်အားပို့လွှတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ဓာတ်အားစနစ်အတွင်းရှိ ခွဲရုံများအား SCADA System ဖြင့် Automation စနစ်မောင်းနှင်၍ Unmanned Sub-Station များအဖြစ် ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော် ဓာတ်အားစနစ် ကွပ်ကဲရေး ဗဟိုဌာန၏ လုပ်ငန်းများလည်ပတ်နေမှုနှင့် ကွပ်ကဲဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ နေပြည်တော် (၂) ပင်မ ဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံတို့သို့ ရောက်ရှိကြရာ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော် က နိုင်ငံတော်ဓာတ်အားစနစ်ရှိ အဓိကကျသော ခွဲရုံများ၏ လက်ရှိစွမ်းဆောင်နိုင်မှုနှင့် တိုးချဲ့ဆောင်ရွက်မှုများ၊ ပင်မဓာတ်အားခွဲရုံများမှ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးထားသော ဓာတ်အားလိုင်းများတွင် လိုင်းအပြစ်ကြောင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊  လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင် က အဓိကကျသည့် ဓာတ်အားခွဲရုံများမှတစ်ဆင့် ပြန်လည်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု အခြေအနေကိုလည်းကောင်း၊ နေပြည်တော်(၂) ဓာတ်အားခွဲရုံမှူးနှင့် ပျဉ်းမနားဓာတ်အားခွဲရုံမှူးတို့က ဓာတ်အားလက်ခံပို့လွှတ် ဖြန့်ဖြူးပေးနေမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နှစ်စဉ် တိုးတက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စွမ်းအင် အရင်းအမြစ်အမျိုးမျိုးကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားတိုးမြှင့် ထုတ်လုပ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ထုတ်လုပ်ပြီး လျှပ်စစ် ဓာတ်အားများကို သယ်ပို့ပေးနိုင်ရန်လည်း တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်သော ၅၀၀ ကေဗွီ ပြည်ထောင်စုမဟာ ဓာတ်အားလိုင်း (Union Grid) အသစ်များ ဖြစ်သည့်  Eastern Grid ၊ Western Grid ၊ Southern Grid ၊ Northern Grid စသည်တို့ကိုလည်း စီမံဆောင်ရွက် လျက်ရှိရာ ၅၀၀ ကေဗွီ မိတ္ထီလာ (ကံကောင်း) - တောင်ငူ (စပါးကြွယ်) - ဘုရားကြီး (ကမာနတ်) ပြည်ထောင်စုမဟာဓာတ်အားလိုင်း စီမံကိန်းသည် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း၊ အဆိုပါ ၅၀၀ ကေဗွီလိုင်းများ ပြီးစီးသွားပါက လက်ရှိ ရံဖန်ရံခါ ဖြစ်တတ်သည့် System Breakdown ဖြစ်ခြင်းများကိုလည်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ဓာတ်အားစနစ်အတွင်း Automation ရရှိနိုင်ရေးအတွက် SCADA System Network တိုးချဲ့တည်ဆောက်နိုင်ရန် ဓာတ်အားလိုင်းများတွင် Optical Fiber Ground Wire (OPGW) ကြိုးများ အစားထိုး လဲလှယ်တပ်ဆင်လျက်ရှိသည်ကို ပိုမိုတိုးတက် မြန်ဆန်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ Smart Grid အဖြစ် ဖော်ဆောင်ရေး ရည်ရွယ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လိုင်း တစ်လိုင်းအပြစ် ဖြစ်ပွားချိန်တွင် အခြားလိုင်းတစ်လိုင်းမှ ပြန်လည်ဓာတ်အားပေးနိုင်ရန်အတွက် Single Circuit မှ Double Circuit ဓာတ်အားလိုင်းများဖြစ်အောင် တည်ဆောက်ခြင်းနှင့် ဓာတ်အားစနစ် ပိုမိုကောင်းမွန်စေ၍ ယုံကြည်စိတ်ချရသော (N-1 Criterion) System နှင့် ဓာတ်အားစနစ် တည်ငြိမ်စေရေးအတွက် Radial System အပြင် Ring System များ အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အဆိုပါ System များနှင့်အတူ ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အားဖြန့်ဖြူးမှုများကိုလည်း ဟန်ချက်ညီညီ တိုးတက်ပြီးစီးအောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ၎င်းအပြင် ဓာတ်အားစနစ်အား ထိန်းသိမ်းကွပ်ကဲ နိုင်ရေးအတွက် National Control Center (NCC) နေပြည်တော်၊ Load Dispatching Center (LDC) ရန်ကုန် စသည့် Control Center များကို ထားရှိဆောင်ရွက်ပြီး ဖြစ်သကဲ့သို့  ဒေသအလိုက် ဓာတ်အားထိန်းညှိ ကွပ်ကဲရေးဌာန Regional Control Center (RCC) အဖြစ် မန္တလေးနှင့် အခြားသင့်လျော်သော နေရာများတွင် ဆောင်ရွက်ရန် လျာထားစီမံ ဆောင်ရွက်လျက်ရှိကြောင်း။
    
ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်တိုးတက် သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ၌ ကွပ်ကဲမှုလွယ်ကူစေရန် ဇုန် (၄) ခုကို သတ်မှတ်ပြီး စီစဉ်ဆောင်ရွက်လျက်ရှိရာ Zone (A) အဖြစ် မန္တလေးဓာတ်အားပေး စက်ရုံစုကိုလည်းကောင်း၊ Zone (B) အဖြစ် နေပြည်တော် ဓာတ်အားပေး စက်ရုံစုကိုလည်းကောင်း၊ Zone (C) အဖြစ် မကွေးဓာတ်အားပေး စက်ရုံစုကိုလည်းကောင်း၊ Zone (D) အဖြစ် ရန်ကုန်ဓာတ်အားပေးစက်ရုံစုကိုလည်းကောင်း ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများကိုလည်း ဟန်ချက်ညီညီ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စီမံကိန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုလို ကိုဗစ်ထိန်းသိမ်းမှု ကာလအတွင်း၌ စီးပွားရေး ပြန်လည်ဉီးမော့လာရေးကို အထောက်အကူဖြစ်စေရန် သက်ဆိုင်သော ပြည်သူများ၏ လက်ဝယ်သို့ ငွေကြေးစီးဆင်းမှု လျင်မြန်စေရန် စီမံကိန်းများ၏ သတ်မှတ်လျာထားချက်များ ပြီးမြောက်သည်နှင့် သတ်မှတ် ငွေကြေးပေးချေမှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း အရည်အသွေးပြည့်မီစေရေး စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ပါကြောင်း၊ ပြည်သူလူထု၏ အခြေခံကျသော လိုအပ်ချက်မှာ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးဖြစ်သည့်အလျောက် မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုများသည် ပြည်သူလူထု၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် သက်ဆိုင်နေသဖြင့် ပေးထားသည့် ရည်မှန်းချက်များအပေါ် အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် တစ်ဖက်တွင်လည်း မိမိတို့၏ လျှပ်စစ်မီးရရှိမှု အပေါ်မူတည်၍ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာမည်ဖြစ်သည့်အတွက် အားလုံးမှ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း  မှာကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပင်မဓာတ်အားခွဲရုံများအတွင်း ဓာတ်အား လက်ခံ ပို့လွှတ်ဖြန့်ဖြူးနေမှု အခြေအနေများနှင့် တိုးချဲ့မည့်လုပ်ငန်းများကို လှည့်လည်      ကြည့်ရှုစစ်ဆေးသည်။ 

သတင်းစဉ်