ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ နိုင်ငံတကာရာဇဝတ်မှု ဥပဒေနှင့်စပ်လျဉ်းသည့် သင်တန်းသို့ တက်ရောက်အမှာစကား ပြောကြား

နေပြည်တော် ၁၆   ဇန်နဝါရီ

 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၌ ကျင်းပသည့် နိုင်ငံတကာရာဇဝတ်မှုဥပဒေနှင့် စပ်လျဉ်းသည့် သင်တန်းသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းသည် နိုင်ငံတကာ ရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့၏ အဖွဲ့ဝင်များနှင့် နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးကိစ္စရပ်များတွင် ပါဝင် ဆောင်ရွက်နေသည့် အရာထမ်းများကိုနိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးနှင့် နိုင်ငံတကာ ရာဇဝတ်မှုဥပဒေတို့အပေါ် ပိုမိုသိရှိနားလည်၍ အပြည်ပြည်ဆိုင်ရာ တရားရုံးဆိုင်ရာကိစ္စရပ်များတွင် ဥပဒေပိုင်း၊ သုတေသနပိုင်းဆိုင်ရာတို့၌ ပိုမိုကျွမ်းကျင်စွာပံ့ပိုးကူညီနိုင်စေရန် ရည်ရွယ်ပါကြောင်း၊ နိုင်ငံတကာ ရာဇဝတ်မှုများကို နိုင်ငံတကာစံနှုန်းနှင့်အညီ ဖော်ထုတ်ဖြေရှင်းနိုင်ရေးနှင့် ပြည်တွင်း တရား စီရင်ရေးအတွက် လူ့စွမ်းအားနှင့် ကျွမ်းကျင်မှုရှိကြရန် လိုအပ်ပါကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရာဇဝတ်မှုကျူးလွန်သူများကို ပြည်တွင်းရာဇဝတ်မှု တရားစီရင်ရေးမှတစ်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် ဆောင်ရွက်ပါကြောင်း၊ မျှတသော တရားစီရင်ရေးစနစ်နှင့် တရားဥပဒေ စိုးမိုးရေး အခြေခံအုတ်မြစ်ရှိသောတရားရေးမဏ္ဍိုင် ထွန်းကားရေးသည် အရေးကြီးပါကြောင်း၊ ပြည်တွင်းဥပဒေပညာရှင်များ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးနှင့် နိုင်ငံတကာရာဇဝတ်မှုဥပဒေဆိုင်ရာ ကိစ္စရပ်များကို ပိုမိုနားလည်ရန်နှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုပိုမိုရရှိရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ သံအမတ်ကြီး(ငြိမ်း) ဦးမောင်ဝေတို့ တက်ရောက်ခဲ့ကြသည်။ သင်တန်းသို့ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့မှ စုစုပေါင်းသင်တန်းသား (၃၆)ဦး တက်ရောက်ကြပြီး သင်တန်းမှာ ဇန်နဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)