ပြည်တွင်း ကာကွယ်ဆေးထုတ်လုပ်ခြင်းနှင့် အနာဂတ်အလားအလာ

ဒေါက်တာဝင်းအောင်(သုတေသီ) ကာကွယ်ဆေးသုတေသန

 

“ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏”ဟူသော ဆောင်ပုဒ်အရ လက်ရှိအချိန်ကာလတွင် ကူးစက်ရောဂါများကို ကာကွယ်ထိန်းချုပ်ရာ၌ ထိရောက်မှုအရှိဆုံးနှင့် အရင်းအနှီးနည်းပြီး အကျိုးအမြတ်များစွာရရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းသည် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းဖြစ်သည်။ အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း သုတေသနပြု လေ့လာတွေ့ရှိချက်အရ “ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ၁၆ ဒေါ်လာနှင့် ညီမျှသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး ၄၄ ဒေါ်လာ နှင့် ညီမျှသော လူမှုစီးပွားရေးဆိုင်ရာအကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း” မှတ်သားသိရှိရသည်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း ကူးစက်ရောဂါများကို ကာကွယ်မှုပေးနိုင်သော ထုတ်လုပ်အသုံးပြုလျက်ရှိသည့် ကာကွယ်ဆေးအမျိုးပေါင်း ၃၀ ခန့်ရှိပြီး ယင်းတို့အနက်မှ အမျိုး ၂၀ ခန့်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ အသိအမှတ်ပြုထားပြီးဖြစ်သည်။

 

ပြည်တွင်းကာကွယ်ဆေးထုတ်လုပ်မှု အခြေအနေ

 

မြန်မာနိုင်ငံတွင် Evans Medical Supplies Ltd., Liverpool of England အကူအညီဖြင့် ၁၉၅၄ ခုနှစ်က စတင်တည်ထောင်ခဲ့သော မြန်မာနိုင်ငံဆေးဝါးစက်ရုံ (BPI) (ယခုမြန်မာ့ဆေးဝါးလုပ်ငန်း - စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန) သည် ၁၉၅၇ မှ ၁၉၆၀ ပြည့်နှစ်များတွင် ကျောက်ရောဂါ၊ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ မေးခိုင်ရောဂါနှင့် ဆုံဆို့ရောဂါကာကွယ်ဆေးများကို ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ၁၉၆၀ မှ ၁၉၇၀ ပြည့်နှစ် များတွင် ခွေးရူးရောဂါ၊ ၁၉၇၀ မှ ၂၀၀၆ ခုနှစ်များတွင် ကြက်ညှာချောင်းဆိုးရောဂါနှင့် ၂၀၀၇ ခုနှစ်မှ ယနေ့အထိ မျိုးရိုးဗီဇမှ ထုတ်လုပ်သော အသည်းရောင်အသားဝါဘီ ရောဂါကာကွယ်ဆေးများကိုလည်း ကျွမ်းကျင်ပညာရှင်များက ထပ်မံထုတ်လုပ်ပေးနိုင်ခဲ့သည်။

 

ထို့အတူ ၁၉၆၃ ခုနှစ်က စတင်တည်ထောင်ခဲ့သော မြန်မာနိုင်ငံ ဆေးသုတေသနဌာန (ယခု ဆေးသုတေသန ဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန) သည် ၁၉၇၅ မှ ၁၉၈၆ ခုနှစ်များအတွင်း မြွေပွေးကိုက်ရောဂါ ကာကွယ်ဆေး (Viper Venom Toxoid) ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါသည်။ သို့သော် အဆိုပါကာကွယ်ဆေး၏ ဆေးထိုးပြီးထွက်ရှိသော ရောဂါကာကွယ်နိုင်သည့် ပဋိပစ္စည်း (antibody) သည် လူ၏ခန္ဓာကိုယ်အတွင်းတွင် တစ်လခွဲခန့်သာလျှင် ကာကွယ်နိုင်မှု အာနိသင်ပမာဏ ဆက်လက်ရှိနေခြင်းနှင့် ကာကွယ်ဆေးကို သာမန် အခန်းအပူချိန်တွင် သိုလှောင်ထားရှိမိပါကလည်း အန္တရာယ်ကင်းမှု လုံးဝပျက်စီးသွားနိုင်ခြင်းတို့ကြောင့် လူသားများတွင် ဆက်လက် ထိုးနှံခြင်း မပြုနိုင်ခဲ့ပါ။

 

၁၉၈၉ မှ ၁၉၉၆ ခုနှစ်များတွင် UNDP မှ ထောက်ပံ့မှုနှင့် အမေရိကန်နိုင်ငံ New York Blood Centre/CDC တို့မှ နည်းပညာကူညီမှုဖြင့် သွေးရည်ကြည်မှ ထုတ်လုပ်သော အသည်းရောင်အသားဝါဘီ ရောဂါကာကွယ်ဆေးကိုလည်းကောင်း၊ ၂၀၀၀ မှ ၂၀၀၆ ခုနှစ်များတွင် ကိုရီးယားသမ္မတနိုင်ငံ EDCF Loan ချေးငွေ ထောက်ပံ့မှုနှင့် Cheil Jepang Co., မှ နည်းပညာကူညီမှုဖြင့် မျိုးရိုးဗီဇမှ ထုတ်လုပ်သော အသည်းရောင်အသားဝါဘီရောဂါ ကာကွယ်ဆေးကိုလည်းကောင်း ဆေးသုတေသန ဦးစီးဌာန၏ သုတေသီပညာရှင်များက အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။

 

အထက်ပါ ကာကွယ်ဆေးကို မြန်မာနိုင်ငံ ပြည်သူများအား ထိုးနှံပေးနိုင်ရန်အတွက် ကာကွယ်ဆေး အမြောက်အမြား ဆက်လက်၍ ထုတ်လုပ်ရန် ၂၀၀၇ ခုနှစ်တွင် အဆင့်မြင့် ကာကွယ်ဆေးစက်ရုံ ၊ ထုတ်လုပ်မှု နည်းပညာများနှင့် ကျွမ်းကျင်ဝန်ထမ်းများကို မြန်မာနိုင်ငံ ဆေးဝါးစက်ရုံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ကာကွယ်ဆေး ထုတ်လုပ်သည့် နည်းပညာနှင့် သိုလှောင်ထားရှိမှု

 

ထုတ်လုပ်သည့် ကာကွယ်ဆေးတိုင်းသည် ရောဂါကို ခုခံကာကွယ်နိုင်သည့် အာနိသင်(efficacy)၊ အန္တရာယ် ကင်းရှင်းမှု (Safety)နှင့် အရည်အသွေးပြည့်ဝမှု (Quality) များနှင့် ပြည့်စုံရပါမည်။ ကာကွယ်ဆေးထုတ်လုပ်ရာတွင် နည်းပညာအမျိုးမျိုးရှိသည်။ ပုံမှန်သမားရိုးကျ နည်းပညာများဖြစ်သော ရောဂါပိုးအသေကို အသုံးပြုခြင်း၊ အင်အားချည့်နဲ့အောင် ပြုလုပ်ထားသည့် ရောဂါပိုးများကို အသုံးပြုခြင်းနှင့် ရောဂါပိုး၏ အစိတ်အပိုင်းတစ်ခုခု ( ဥပမာအပေါ်ယံလွှာပရိုတင်း ) ကို အသုံးပြုခြင်းနှင့် နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာများဖြစ်သော အန္တရာယ်ကင်းသည့် Adeno ဗိုင်းရပ်စ်ပိုးကို ကြားခံအဖြစ် အသုံးပြုခြင်း၊ တိကျ၍ အန္တရာယ်ကင်းသော Recombinant DNA နှင့် messenger RNA ဗီဇနည်းပညာများကို အသုံးပြုခြင်းတို့ ဖြစ်သည်။ ။

 

ပုံမှန်အားဖြင့် ကာကွယ်ဆေးအများစုကို အပူချိန် ၂ မှ ၈ ဒီဂရီစင်တီဂရိတ်တွင် သိုလှောင်ထားရှိရပါသည်။ တချို့သော ကာကွယ်ဆေး (ဥပမာ-ကိုဗစ်-၁၉) များကိုမူ အေးခဲလွန်သော အနုတ် ၁၅ မှ အနုတ် ၈၀ စင်တီဂရိတ်တွင်သာ သိမ်းဆည်းရပါသည်။ အချို့သော ကာကွယ်ဆေး (ဥပမာ-ဝက်သက်) များသည် အပူချိန်မြင့်လျှင် ပျက်စီးလွယ်တတ်ပြီး အချို့သော ကာကွယ်ဆေး (ဥပမာအသည်းရောင်အသားဝါဘီ) များသည် အေးခဲသွားပါက အာနိသင် လုံးဝပျက်စီးတတ်သည်။

 

မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း အစီအစဉ်

 

လက်ရှိကာလမြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း အစီအစဉ်တွင် ပါဝင်သော ကူးစက်ရောဂါ ၁၃ မျိုးဖြစ်သည့် တီဘီ၊ အသည်းရောင်အသားဝါ ဘီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ ပြင်းထန် အဆုတ်ရောင်၊ ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်၊ ရိုတာဝမ်းလျှောနှင့် သားအိမ်ခေါင်းကင်ဆာရောဂါများကို ကာကွယ်နိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် နိုင်ငံတော်ကကာကွယ်ဆေးများကို အခမဲ့ ကျခံ ထိုးနှံပေးလျက်ရှိသည်။

 

အထက်ပါအစီအစဉ်တွင် ကာကွယ်ဆေးများ ဝယ်ယူခြင်းအတွက် ကျသင့်သည့် ကုန်ကျငွေ၏ ၇၄ ရာခိုင်နှုန်းကို GAVI အဖွဲ့အစည်းက ပံ့ပိုးပေးလျက်ရှိပြီး ၂၆ ရာခိုင်နှုန်းကို နိုင်ငံတော်က ကျခံပေးသည်။ သို့သော် ၂၀၂၅ ခုနှစ် နောက်ပိုင်းကာလများတွင် ကျသင့်ငွေ၏ ၁၀၀ ရာခိုင်နှုန်း ကို နိုင်ငံတော်ကသာ ကျခံရမည်ဟု သိရှိရသည်။ သို့ဖြစ်၍ နိုင်ငံတော်အနေဖြင့် ၂၀၂၅ ခုနှစ်နောက်ပိုင်းကာလများတွင် အထက်ပါ ရောဂါ ၁၃ မျိုးအတွက် ကာကွယ်ဆေးများ ဆက်လက်ရရှိနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ယခုအချိန်ကတည်းက ကြိုတင် ပြင်ဆင်ထားရမည်ဖြစ် ပါသည်။

 

ကိုဗစ်-၁၉ ရောဂါနှင့် ကာကွယ်ဆေးများ လိုအပ်မှု

 

လက်ရှိအချိန်ကာလတွင် ကမ္ဘာတစ်ဝန်း ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ် ရန်အတွက် ကမ္ဘာ့နိုင်ငံများ (အထူးသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် အိမ်နီးချင်းဖွံ့ဖြိုးဆဲ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများအပါအဝင်)သည် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အပူတပြင်း အမြန်ဆုံး ကြိုးပမ်းထုတ်လုပ်လျက်ရှိပြီး အချို့သောနိုင်ငံများတွင် ပြည်သူများအား စတင်ထိုးနှံပေးလျက် ရှိနေသည်။ ပြည်ပနိုင်ငံများမှ လက်ရှိထုတ်လုပ်လျက်ရှိသော၊ ရရှိနေသော ကိုဗစ်ကာကွယ်ဆေးများမှာ ကမ္ဘာတစ်ဝန်းနိုင်ငံများ၏ ဝယ်လိုအားကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးပါ။ ဖွံ့ဖြိုးပြီးနိုင်ငံများမှလည်း ယင်းတို့ ကိုယ်တိုင်ထုတ်လုပ်သော ကာကွယ်ဆေးများကို ယင်းတို့၏ နိုင်ငံသားများကို ဦးစားပေးထိုးနှံပေးလျက်ရှိခြင်း၊ ထုတ်လုပ်မှုပမာဏ နည်းပါးခြင်း၊ လိုအပ်မှုအား များလွန်းခြင်း၊ သိုလှောင်သိမ်းဆည်းနိုင်မှု ခက်ခဲခြင်းနှင့် ကာကွယ်ဆေး၏တန်ဖိုး ကြီးမြင့်ခြင်းတို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို စောစီးစွာ လက်ဝယ်ရရှိနိုင်ရန် အခက်အခဲများ ရှိနေကြသည်။

 

နောင်တစ်ချိန် အနာဂတ်ကာလတွင် ယခုကဲ့သို့ ကူးစက်ကပ်ရောဂါများ ရုတ်တရက် ထပ်မံဖြစ်ပွားလာပါက မိမိနိုင်ငံမှ ပြည်သူများအား ရောဂါကာကွယ်မှု အမြန်ဆုံး ပေးနိုင်ရန်အတွက် ပြည်ပနိုင်ငံများမှ ထုတ်လုပ်သော ကာကွယ်ဆေးများအပေါ် မှီခိုအားထားခြင်းမပြုဘဲလိုအပ်သော ကာကွယ်ဆေးများကို မိမိနိုင်ငံတွင်း မိမိနိုင်ငံရှိ ကျွမ်းကျင်ပညာရှင်များက သုတေသနပြု ထုတ်လုပ်နိုင်ရန် အတွက်လည်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်သည်။

 

အနာဂတ်ကာလ ရောဂါကာကွယ်ဆေးများ ရယူနိုင်သည့် နည်းလမ်းများ

 

လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးဆဲနိုင်ငံများသည် မိမိတို့နိုင်ငံအတွက် မဖြစ်မနေလိုအပ်သော ရောဂါကာကွယ်ဆေးများကို ကုန်ကျစရိတ် အသက်သာဆုံးနှင့် အလွယ်ကူဆုံး၊ အမြန်ဆုံးရရှိအောင် အောက်ပါနည်းလမ်းများဖြင့် ထုတ်လုပ်ရယူလျက်ရှိကြောင်း လေ့လာသိရှိရသည်။ 

 

(၁) ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများ၏ အကူအညီဖြင့် ကာကွယ်ဆေးများကို သက်ဆိုင်ရာနိုင်ငံဆေးဝါးကုမ္ပဏီများမှ အထူးသက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိခြင်း။

 

(၂) ဖွံ့ဖြိုးပြီးနိုင်ငံ အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီထောက်ပံ့မှုဖြင့် ကာကွယ်ဆေးများကို လက်ခံရယူခြင်း။

 

(၃) လက်ရှိ ကာကွယ်ဆေးထုတ်လုပ်မှုပြုနေသော ကမ္ဘာ့ဆေးဝါးကုမ္ပဏီကြီးများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်၍ ကာကွယ်ဆေးထုတ်လုပ်မှုကို ပြည်ပပညာရှင်များနှင့်ပူးတွဲ၍ ပြည်တွင်း၌ ဆောင်ရွက် ခြင်း။

 

(၄) ကာကွယ်ဆေးထုတ်လုပ်သည့် နိုင်ငံ /ဆေးဝါးကုမ္ပဏီများမှ ကာကွယ်ဆေးထုတ်လုပ်သည့် နည်းပညာ သုံးစွဲခွင့်ပြုလိုင်စင်/ ကူညီထောက်ပံ့မှု လွှဲပြောင်းပေးမှုရယူ၍ မိမိနိုင်ငံ ပြည်တွင်းတွင် ကိုယ်တိုင်အဆင့်ဆင့်ထုတ်လုပ်ခြင်းနှင့်

 

(၅) ကာကွယ်ဆေးထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကြမ်းများ ( Master Cell Bank အပါအဝင်) နှင့် အသုံးပြုမည့် စက်ကိရိယာပစ္စည်းများ ဝယ်ယူတပ်ဆင်ခြင်းမှသည် နည်းပညာအသုံးပြု ကာကွယ်ဆေးထုတ်လုပ်မှု အဆင့်ဆင့်ကို ပြည်တွင်း၌ ကိုယ်တိုင်မဆောင်ရွက်ဘဲ အခြားနိုင်ငံရှိ ကာကွယ်ဆေး ထုတ်လုပ်သော ဆေးဝါးစက်ရုံမှ နောက်ဆုံးအဆင့်တွင် ထုတ်လုပ်ရရှိထားသော သန့်စင်ထားသည့်ဆေးရည် (Purified Bulk) (သို့မဟုတ်) အဆင်သင့် ချက်ချင်း အသုံးပြုနိုင်သည့် အသင့်သွင်းဆေးရည် (Final Bulk/ Ready-to-Fill) ကာကွယ်ဆေးများကို ထိုက်သင့်သက်သာသော တန်ဖိုးဖြင့် ဝယ်ယူပေးချေပြီး နောက်ဆုံးအဆင့် ပုလင်းသွင်းထုပ်ပိုးခြင်း (Finished Product ) ကိုသာလျှင် ပြည်တွင်းရှိ ဆေးဝါးစက်ရုံတွင် ဆောင်ရွက်၍ ဖြန့်ဖြူးခြင်းတို့ ဖြစ်သည်။

 

ထို့အပြင် ပြည်တွင်းပုဂ္ဂလိက ဆေးဝါးထုတ်လုပ်မှု နှင့် တင်သွင်းမှု အခန်းကဏ္ဍကိုလည်း တစ်ဖက်တစ်လမ်းမှ အားပေးမြှင့်တင်ပေးရန် လိုအပ်မည်ဖြစ်သည်။

 

ပြည်တွင်းကာကွယ်ဆေး ထုတ်လုပ်မှု ဆောင်ရွက်နိုင်ရန်၊ လိုအပ်ချက်များ

 

မိမိနိုင်ငံတွင် အဆင့်မြင့် ကာကွယ်ဆေးများကို ပြည်တွင်း၌ ကိုယ်တိုင်ထုတ်လုပ်မည်ဆိုပါက ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (Good Manufacturing Practice-GMP) နှင့်အညီ ထုတ်လုပ်မှုပြုနိုင်မည့် GMP အဆင့်မီ ဆေးဝါးစက်ရုံအပြင် အဓိကလိုအပ်သည့် 4Ms ဖြစ်သော အသုံးပြုမည့် အရည်အသွေးပြည့် ကုန်ကြမ်းပစ္စည်းများ (Materials)၊  အဆင့်မြင့် စက်ကိရိယာများ/ ပစ္စည်းများ (Machines)၊ ထုတ်လုပ်မှု အဆင့်မြင့်နည်းပညာ (Methods) များနှင့် လုပ်ငန်းကျွမ်းကျင် ဝန်ထမ်းများ (Men) ကိုလည်း လုံးဝလိုအပ်မည်ဖြစ်သည်။

 

ဖော်ပြပါ ဝန်ထမ်းများသည်လည်း ကာကွယ်ဆေး ဆိုင်ရာ ပညာရပ် (Educational Qualification) ပြည့်စုံသော၊ ကာကွယ်ဆေးထုတ်လုပ်မှု အတွေ့အကြုံ (Experience) ရှိသော၊ လေ့ကျင့်သင်ကြားမှု (Training) ပြုထားသော ကျွမ်းကျင်(Skilled) ဝန်ထမ်းများ ဖြစ်ရပါမည်။

 

ထို့ကြောင့် မိမိနိုင်ငံရှိ လူသားအရင်းအမြစ် လက်ရှိ ပညာရှင်များ၏ စွမ်းဆောင်ရည် မြင့်မားစေရန်နှင့် အတွေ့အကြုံ အလေ့အကျင့်များ ရရှိစေရန်အတွက် ပြည်တွင်းတွင် ကာကွယ်ဆေးနှင့် ပတ်သက်သော အခြေခံနှင့် အသုံးချ သုတေသနလုပ်ငန်းများ ပိုမိုလုပ်ဆောင်စေခြင်း၊ နိုင်ငံတကာတွင် ပြုလုပ်သော ကာကွယ်ဆေးသုတေသန ဖွံ့ဖြိုးရေးနှင့်ပတ်သက်သော အစည်းအဝေးများ၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်များသို့ ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင် သုတေသီများကို စဉ်ဆက်မပြတ်စေလွှတ်ခြင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများရှိ အဆင့်မြင့် ကာကွယ်ဆေးစက်ရုံများတွင် ထုတ်လုပ်မှုနည်းပညာများကို လုပ်ငန်းခွင် လေ့လာသင်ကြားစေခြင်းတို့ကို ပြုလုပ်ပေးသင့်ပါသည်။ ထို့ပြင် ပြည်တွင်းတွင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကာကွယ်ဆေးပညာရပ်ဆိုင်ရာ အွန်လိုင်းသင်တန်းများပေးခြင်းနှင့် အသုံးချ ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်သင်ကြားခြင်းတို့ကိုလည်း ဆောင်ရွက်ပေးရန် လိုအပ်ပေသည်။

 

မြန်မာနိုင်ငံတွင် ကလေးငယ်များအပါအဝင် ပြည်သူလူထု တစ်ရပ်လုံး၏ ကျန်းမာရေး စောင့်ရှောက်မှုတွင် အထူးလိုအပ်ပြီး မိမိနိုင်ငံ၏အနာဂတ်ကာလတွင် နိုင်ငံ၏ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် ဆက်လက်လိုအပ်နေဦးမည့် ကူးစက်ရောဂါကာကွယ် ဆေးများကို ကုန်ကျမှုအသက်သာဆုံးဖြင့် အလွယ်တကူ စဉ်ဆက်မပြတ် ဆက်လက်ရရှိသွားနိုင်ရေးနှင့် အချိန်နှင့် တစ်ပြေးညီရရှိနိုင်ရေးအတွက် ယခုကတည်းကဆောင်ရွက်ထားရှိသင့်သည်များကို ဆေးသုတေသန ဦးစီးဌာနတွင် တစ်ချိန်က အသည်းရောင်အသားဝါရောဂါ ဘီကာကွယ်ဆေးကို အောင်မြင်စွာ ထုတ်လုပ်ပေးနိုင်ခဲ့သောအဖွဲ့၌ တစ်ထောင့်တစ်နေရာမှ တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သူ အဖွဲ့ဝင် သုတေသီတစ်ဦးအနေဖြင့် မိမိလေ့လာတွေ့ကြုံ သိရှိသည်များကို ဤဆောင်းပါးဖြင့် မျှဝေအကြံပြု တင်ပြလိုက်ရပါသည်။ ။