ပြည်တွင်းစားသုံးဆီဖူလုံရေးကြိုးပမ်းဆောင်ရွက်

မြန်မာနိုင်ငံတွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ပဲ၊ ပြောင်း၊ နှမ်း စသည့် ဆီထွက်သီးနှံများကို ပြည်ပသို့တင်ပို့မှုရှိသော်လည်း စားသုံးဆီကို ပြည်တွင်းလိုအပ်ချက်ရှိသမျှ ပြည်ပမှတင်သွင်းနေရသည်။ ဆီထွက်သီးနှံများ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ပြည်ပမှ စားသုံးဆီတင်သွင်းနေရမှုကို ဆန်းစစ်သုံးသပ်ကြည့်ရမည်ဖြစ်သည်။ ပြည်တွင်းစားသုံးမှုလိုအပ်ချက်နှင့် စားသုံးဆီထုတ်လုပ်နိုင်မှု ကွာခြားနေသည့်အခြေအနေကို အဖြေရှာဆောင်ရွက်ကြရမည်ဖြစ်သည်။

 

စိုက်ပျိုးရေးလုပ်ငန်းများတွင် ဆီထွက်သီးနှံအထွက်တိုးရေး ဆောင်ရွက်ရာ၌ မျိုး၊ မြေ၊ ရေ၊ နည်း ဤလေးချက်သည် အဓိကအရေးကြီးသဖြင့် စနစ်တကျအသုံးချရန် လိုအပ်ပေသည်။ ဆီထွက်သီးနှံ များကို မိုးနည်းရေရှားဒေသများ၌ စိုက်ပျိုးလေ့ရှိသဖြင့် လိုအပ်သည့် စိုက်ပျိုးရေလုံလောက်စွာ ရရှိရေး အတွက် မြစ်ရေတင်စီမံကိန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်သည်။ လက်ရှိအချိန်တွင် သီးထပ်စွမ်းအားများ မြင့်မားလာရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက တောင်သူများအား တွန်းအားပေးကူညီဆောင်ရွက်နိုင်ရေးလိုအပ်သည်။ ဆီထွက်သီးနှံများကို သတ်မှတ် ထားသည့် တစ်ဧကအထွက်နှုန်းအတိုင်း အပြည့်အဝ ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံသူ နိုင်ငံသားများသည် ဆီမပါလျှင် စားစရာမဖြစ်ဆိုသကဲ့သို့ ဆီကို စားစရာများတွင် မဖြစ်မနေ အသုံးပြုကြသည်။ အချို့အနေဖြင့် ဆီကိုလိုသည်ထက်ပို၍ နှစ်ခြိုက်စွာစားသုံးကြသည်။ မြန်မာနိုင်ငံတွင် လူဦးရေတစ်နေ့တခြား တိုးတက်လာသည်နှင့်အမျှ တိုးတက်ပြောင်းလဲလာသော နေထိုင်စားသောက်မှုပုံစံများအရ စားသုံးဆီလိုအပ်ချက်လည်း မြင့်မားနေသည်ကို တွေ့ရသည်။ အမှန်တကယ်တွင် လူအများစားသုံးနေသောစားသုံးဆီအမျိုးမျိုးတို့တွင် ပြည့်ဝဆီ၊ မပြည့်ဝဆီ၊ အရောအနှောဆီ၊ ပြန်ကြော်ဆီ စသည်ဖြင့် အမျိုးမျိုးပါဝင်နေသည်ကို သတိပြုရမည်ဖြစ်သည်။ ကျန်းမာရေးနှင့် မညီညွတ်သောဆီတစ်မျိုးမျိုးကို ရေရှည်စားသုံးမိပါက သွေးအတွင်း ကိုလက်စထရော ဓာတ်များမြင့်တက်လာပြီး နှလုံး၊ အသည်းအဆီဖုံးခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း စသည့်ကုသရန် ခက်ခဲသော ဝေဒနာများ ဖြစ်ပေါ်လာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

 

စားသုံးဆီကို ပြည်ပမှ နှစ်စဉ်တင်သွင်းလျက်ရှိရာတွင် တစ်နှစ်ထက်တစ်နှစ် လျော့ကျသွားခြင်းမရှိဘဲ တန်ချိန်များစွာ တိုးတက်တင်သွင်းနေရသည်ကို တွေ့ရမည်ဖြစ်သည်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ တရားဝင်တင်သွင်းလာသော အရည်အသွေးစစ်ဆေးပြီးသည့် စားသုံးဆီများ ရှိသကဲ့သို့ အရည်အသွေးစစ်ဆေးမှု တစ်စုံတစ်ရာမပါရှိဘဲ တရားမဝင်ဝင်ရောက်လာသော စားသုံးဆီ များတွင် ပုံပြောင်းအဆီအက်စစ်များနှင့် ကျန်းမာရေးနှင့်ကိုက်ညီမှုမရှိသော မှိုကဲ့သို့ အခြားဓာတ်ပစ္စည်း များ ပါရှိလာတတ်သည်မှာ အလွန်အန္တရာယ်ကြီးမားပြီး သတိထားရမည့် အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံသားများ၏ အနေအထားမှာ တရားဝင်အသိအမှတ်ပြုထားသည်ကို အလေးမထားဘဲ ဈေးနှုန်းနှင့် မျက်မြင်အခြေအနေကို သာကြည့်၍ ဝယ်ယူစားသုံးနေကြသည်မှာ အလွန်အန္တရာယ်များ လှသည်။

 

မြန်မာနိုင်ငံ၏ နေ့စဉ်စားသုံးမှုတွင် မပါမဖြစ်ပါရှိနေသည့် စားသုံးဆီနှင့် ပတ်သက်၍ ပြည်တွင်း၌ အလုံအလောက်ထုတ်လုပ်ပြီး အရည်အသွေးပြည့်ဝသော ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရေးကို သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် ဆီလုပ်ငန်းရှင်များနှင့်အတူ တောင်သူ အားလုံးတို့က ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပမှ စားသုံးဆီ တင်သွင်းနေမှုကို လျှော့ချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသလို ထိုသို့လျှော့ချနိုင်အောင်လည်း ဆီထွက်သီးနှံများ တိုးတက်ထုတ်လုပ်ရေး၊ ထွက်ရှိလာသော ဆီထွက်သီးနှံများကို အပြည့်အဝ ကြိတ်ခွဲထုတ်လုပ်ရေးကို တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။ ဆီထွက်သီးနှံများကို ဇုန်များ သတ်မှတ်စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းအတိုင်းထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဆီထွက်သီးနှံများကို ပြည်ပသို့တင်ပို့မှုရှိပြီး ကျန်ရှိသည့်သီးနှံများကို သက်ဆိုင်ရာလုပ်ငန်းရှင်များက အပြည့်အဝ ကြိတ်ခွဲပြီး စားသုံးဆီထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက လိုအပ်သည် များကို ကူညီဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

 

စားသုံးသူများအနေဖြင့် ပြည်သူတစ်ဦးချင်းမှအစပြု၍ မိသားစု၊ အိမ်ထောင်စုများစွာတို့က စားသုံးဆီကို လိုသလောက်သာ ချင့်ချိန်သုံးစွဲကြခြင်းဖြင့် ပြည်သူ အားလုံး ကျန်းမာသန်စွမ်းပြီး နာတာရှည်ရောဂါများ ကင်းဝေးကြကာ မိမိတို့လုပ်ငန်းဆောင်တာများကို စွမ်းအားပြည့်စွမ်းဆောင်နိုင်ခြင်းနှင့်အတူ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကြောင့် နိုင်ငံခြားငွေလိုအပ်ချက်ကို လျှော့ချနိုင်ပြီး လူမှုစီးပွားဘဝ တိုးတက် ကောင်းမွန်လာသောနိုင်ငံအဖြစ် အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ