ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ ရှင်သန်ရေး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ပေး

၂၂ အောက်တိုဘာ

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ အကြိမ် (၃၀)မြောက် ပုံမှန်တွေ့ဆုံပွဲကို အောက်တိုဘာ ၁၉ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှစကာ လုပ်ငန်းရှင်များ၏ အခက်အခဲများကို တင်ပြနိုင်သည့် ပုံမှန်တွေ့ဆုံပွဲများကို ကျင်းပလျက်ရှိခြင်းက မြန်မာ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့် ပုဂ္ဂလိကကဏ္ဍ အားကောင်းမောင်းသန် ဖြစ်ထွန်းလာရေးကို အထောက်အကူပေးနေသည်။

ပြီးခဲ့သည့် (၂၉)ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲအထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲ အကြံပြုတင်ပြချက်ပေါင်း ၃၅၈ ချက်ရှိရာ နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ချက်ခဲလာနိုင်သဖြင့် တရားမဝင်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်ပေးရန်ဟူသည့်အချက်ကိုလည်း တင်ပြခဲ့ကြောင်း သတင်းများတွင် ဖတ်ရှုရသည်။ အဆိုပါတင်ပြချက်နှင့် စပ်လျဉ်း၍ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုးခုတွင် တရားမဝင်ကုန်ပစ္စည်းများ တားဆီးထိန်းချုပ်နိုင်ရေးအတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ဖမ်းဆီးမရမင ၉၇၄ ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄ ဒသမ ၆၁၄၅ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း။ တရားမဝင်ကုန်သွယ်မှုတိုဖျက်ရေး ဦးဆောင်ကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အညွှန်းကိန်းများပေါ် အခြေခံပြီး လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများ၊ အထူးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး မဟာဗျူဟာရေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသွားခဲ့သည်။

စင်စစ် မိမိတို့နိုင်ငံတွင် တရားမဝင် ကုန်သွယ်မှုမှာ ထုနှင့်ထည်နှင့် ပမာဏကြီးကြီး နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့ခြင်း ဖြစ်သည်။ ပုံမှန်တရားဝင်ကုန်သွယ်မှု မဟုတ်ဘဲ မှောင်ခိုကုန်သွယ်မှု၊ မှောင်ခိုစီးပွားရေးကို တစ်ထမ်းတစ်ရွက်၊  တစ်နိုင်တစ်ပိုင်မှသည် အရင်းအနှီးများစွာဖြင့် နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ကူးသန်းရောင်ဝယ်ခဲ့ကြရာ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာများစွာ ဆုံးရှုံးခဲ့သလို မှောင်ခိုလမ်းကြောင်းနှင့် ဆက်စပ်နေသည့် ဝန်ထမ်းများမှာလည်း လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ဝန်ထမ်းများ ဖြစ်ခဲ့ကြသည်။ ယမန်နှစ် စက်တင်ဘာလအတွင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဖိုရမ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌက တရားမဝင် ကုန်သွယ်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို အလွယ်တကူ အလွတ်သဘော အကဲဖြတ်ဆန်းစစ်၍ မရနိုင်ပါကြောင်း၊ အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်သူများသည် တရားမဝင်ကုန်သွယ်မှုများအတွက် နှောင့်နှေးမှုမရှိဘဲ ငွေပေးနေကြသောကြောင့် အဂတိလိုက်စားမှု တိုးမြင့်လာပြီး တရားဥပဒေ သက်ရောက်မှုများကို အဟန့်အတားဖြစ်စေပါကြောင်းပြောကြားခဲ့ရာ တရားမဝင်ကုန်သွယ်မှုတွင် လာဘ်ဘေပးဘာလ်ယူမှု ၊ အဂတိလိုက်စားမှုတို့ နက်နက်ရှိုင်းရှိုင်း ပတ်သက်မှုရှိနေတတ်သည်ကို သတိမှုဖွယ်ရာပင် ဖြစ်သည်။

လက်နက်နှင့်မူးယစ်ဆေးဝါးမှလွဲ၍ ကျန်တရားမဝင်ကုန်စည်များ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာသည်ကို ပုံမှန်ကူးသန်းရောင်းဝယ် ကုန်သွယ်နေသကဲ့သို့ သဘောထား၍ မရနိုင်သည်ကို လေးလေးနက်နက် သဘောပေါက်ကြရန် လိုမည်ဖြစ်သည်။ တရားမဝင် ကုန်သွယ်မှုများကြောင့် တရားမဝင်ကုန်သွယ်မှုများ ပျက်စီးနိုင်သည်။ နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများ နာလန်မထူနိုင်ဘဲ လုံးပါးပါး ပျက်စီးသွားနိုင်သည်။ အစစ်အဆေးမရှိ၊ အခွန်မဆောင်ဘဲ ဈေးကွက်ထဲ ရောက်ရှိလာသော ကုန်ပစ္စည်းများက စားသုံးသူ သုံးစွဲသူအများပြည်သူတို့အတွက် ကျန်းမာရေးပြဿနာအပါအဝင် အခြားထိခိုက်နစ်နာမှုများ ဖြစ်ပွားစေနိုင်သည်။ အခွန်ရှောင်တိမ်းမှုကြောင့် နိုင်ငံကို ထိခိုက်စေသလို လာဘ်ပေးလာဘ်ယူမှုများကြောင့် နိုင်ငံဝန်ထမ်းများကိုလည်း အကျင့်ပျက်စေသည်။ တရားမဝင်ကုန်သွယ်မှုသည် လက်နက်မှောင်ခိုနှင့် မူးယစ်ဆေးဝါးမှောင်ခိုမှုတို့ကဲ့သို့ပင် အမြစ်ပြတ်သည့်အထိ တိုက်ဖျက်အပ်သည်ပင် ဖြစ်သည်။

နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကို တားဆီးထိန်းချုပ်ပေးရန် စီးပွားရေးလုပ်ငန်းရှင်များ၏ တင်ပြချက်က ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရှင်သန်နိုင်ရေးအတွက် အချက်ပေးခေါင်းလောင်းသံသဖွယ်ပင်ဖြစ်ရာ တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဖွဲ့စည်းခဲ့ပြီး မဟာဗျူဟာရေးဆွဲ ဆောင်ရွက်မှုများ သွက်လက်ထက်မြက်သည်နှင့်အမျှ တရားမဝင်ကုန်သွယ်မှုများ ပပျောက်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးမှု အားကောင်းလာမည်စု ယုံကြည်ပါကြောင်း။

မြန်မာ့အလင်း