ပြည်တွင်းခရီးစဉ်များ ပျံသန်းပြေးဆွဲရန် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) က မှာယူထားသည့် Embraer E 190-100 LR လေယာဉ်သစ်တစ်စီး ရောက်ရှိ

mdn

ရန်ကုန် ၂၆ အောက်တိုဘာ

 

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) သည် ပြည်တွင်းခရီးစဉ်များ ပျံသန်းပြေးဆွဲရန် မှာယူထားသည့် Embraer E 190-100 LR XY-ALO လေယာဉ်အသစ်သည် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။ အဆိုပါလေယာဉ်သစ်ကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းမှ တာဝန်ရှိသူများက Water-salute အခမ်းအနားပြုလုပ်၍ ကြိုဆိုခဲ့သည်။

 

ပြည်ပခရီးစဉ်များသာ ပျံသန်းပြေးဆွဲလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) သည် ပြည်တွင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် Embraer E 190 လေယာဉ်လေးစီးအား မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီကတည်းက စီစဉ်မှာယူခဲ့ပြီး ယခုအခါ ပထမအဆင့်အနေဖြင့် Embraer E 190-100 LR XY-ALO လေယာဉ်အသစ်သည် MAI လေကြောင်းလိုင်း၏ လိုဂိုနှင့် လေယာဉ်ကိုယ်ထည် ဆေးမှုတ်ခြင်းများ ပြုလုပ်ပြီးစီးသွားသောကြောင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ ရောက်ရှိလာခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) အနေဖြင့် ယခုရောက်ရှိလာသည့်  Embraer E 190 လေယာဉ်များဖြင့် မြန်မာနိုင်ငံအတွင်း ခရီးသွားပြည်သူများ ကား၊ ရထား၊ သင်္ဘောတို့ဖြင့် သွားလာရန်ခက်ခဲသည့် မြန်မာနိုင်ငံ၏ အစွန်အဖျားဒေသများသို့ ဦးစားပေးပျံသန်းပြေးဆွဲမည်ဖြစ်ပြီး ပူတာအို၊ မြစ်ကြီးနား၊ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ ကျိုင်းတုံ၊ ဟဲဟိုး၊ စစ်တွေ၊ ညောင်ဦး၊ နေပြည်တော်နှင့် မန္တလေးမြို့များသို့ ပျံသန်းပြေးဆွဲရန် စီစဉ်ထားသည်။

 

ယခုရောက်ရှိလာသည့် Embraer လေယာဉ်သည် MSN 529 ဖြစ်ပြီး ပိုမိုခေတ်မီသစ်လွင်သော Business Calss နှင့် Economy Class အမျိုးအစားနှစ်ခုပါရှိကာ မိုင် ၂၄၀၀ ခန့်အထိ တိုက်ရိုက်ပျံသန်းနိုင်မည့် Long Range (LR) အမျိုးအစားဖြစ်သည်။ ထို့ပြင် ခေတ်မီအဆင့်မြင့်လေယာဉ်များတွင်ပါရှိသော လေယာဉ်မှူးများ လေယာဉ်ကွင်း၌ Taxi Take off Approach Landing နှင့် Roll-off ပြုလုပ်နေစဉ်အတွင်း အသံဖြင့် အကြံပေးသောစနစ် RASS (Runway Awareness And Advisory System) Cockpit မှ Cabin သို့ ကြပ်မတ်စစ်ဆေးကြည့်ရှုနိုင်သည့် CSS (Cabin Surveillance System) စနစ်နှင့် လေယာဉ်ပျံသန်းမှုကို ကြပ်မတ်ကွပ်ကဲနိုင်ရန်အတွက် ADS.B (Automatic Dependent Surveillance Broadcast) စနစ်တို့ကို အပြည့်အစုံတပ်ဆင်ထားသည့် အဆင့်မြင့်လေယာဉ်ဖြစ်ကြောင်း သိရသည်။

 

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) မှ Pilot နှင့် Cabin Crew များ၊ ဝန်ထမ်းများ၏ နိုင်ငံတကာခရီးစဉ်များတွင် ဆောင်ရွက်ပေးနေသည့် International Standard Service များအတိုင်း ဝန်ဆောင်မှုများပေးမည်ဖြစ်ရာ ပြည်တွင်းခရီးသွားများအနေဖြင့် Embraer E 190 လေယာဉ်သစ်များကို စီးနင်းပြီး လုံခြုံစိတ်ချစွာ သက်သောင့်သက်သာ ခရီးသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-ဖိုးသော်ဇင်