ပြည်တွင်းဖူဆယ်ပြိုင်ပွဲများ တိုးမြင့်ကျင်းပရန် စီစဉ်

ဇူလိုင် ၂၈

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီသည် လာမည့်နှစ်မှစတင်ကာ ပြည်တွင်းဖူဆယ်ပြိုင်ပွဲများ တိုးမြင့်ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ယခင်က ဖူဆယ်ကလပ်အသင်းများအတွက် လိဂ်ပြိုင်ပွဲနှင့် Open Cup ပြိုင်ပွဲနှစ်ခုသာ ကျင်းပခဲ့သော်လည်း လာမည့်နှစ်မှစတင်ကာ လိဂ်ပြိုင်ပွဲအပြင် Open Cup ပြိုင်ပွဲနှင့် Knock-Out ပြိုင်ပွဲများပါ ကျင်းပရန် စီစဉ်လျက်ရှိသည်။ ထို့ပြင် လိဂ်ပြိုင်ပွဲကိုလည်း အတန်းနှစ်တန်းထားရှိရန် ကြိုးပမ်းလျက်ရှိပြီး ပြိုင်ပွဲဝင်အသင်းအရေအတွက် တိုးမြင့်လာရန် ဆောင်ရွက်မည်ဖြစ်သည်။ အတန်းနှစ်တန်းထားရှိနိုင်ပါက တန်းတက်၊ တန်းဆင်းစနစ် ကျင့်သုံးမည်ဖြစ်ပြီး တစ်နှစ်လျှင် လိဂ်ပြိုင်ပွဲအပါအဝင် Open Cup ပြိုင်ပွဲနှင့် Knock-Out ပြိုင်ပွဲများ ပုံမှန်ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် အသင်းပေါင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြင်ပမှ ကလပ်အသင်း ၁၁ သင်းနှင့် မြန်မာ ယူ-၁၉ လက်ရွေးစင်ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည်။ ယင်းအသင်းများအနက် GV အသင်းမှာ နုတ်ထွက်သွားသောကြောင့် ၁၁ သင်းသာ ကျန်ရှိတော့ပြီး ပြိုင်ပွဲများ ပြန်လည်ကျင်းပပါက အသင်းများ အတည်ပြုရမည်ဖြစ်သည်။

 

ယခုနှစ်အတွင်း ဖူဆယ်ပြိုင်ပွဲများ ကျင်းပရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းနေရပြီး Open Cup ပြိုင်ပွဲကို ဖျက်သိမ်းခဲ့ရကာ ယင်းပြိုင်ပွဲအစားကျင်းပမည့် Knock-Out ပြိုင်ပွဲကိုလည်း နှစ်ကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည်။

 

သတင်း-ညီမြတ်သော်တာ