ပြည်တွင်းရွှေစျေးကွက်အတွင်း ဝယ်လိုအားထက် ရောင်းလိုအားပိုများ

ဇွန် ၂၄

 

လက်ရှိ ပြည်တွင်းရွှေစျေးကွက်အတွင်း ဝယ်လိုအားထက် ရောင်းလိုအားပိုများနေကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်က ပြောသည်။

 

COVID-19 ကြောင့် ပြည်တွင်းရွှေစျေးကွက်ကို ရပ်နားထားပြီး မေ ၁၈ ရက်မှ ပြန်လည်ဖွင့်လှစ်ကာ လက်ရှိ ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၂၁၈၅၀၀ ရှိကြောင်း ၎င်းက ဆက်ပြောသည်။

 

ထို့ပြင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၆၇ ဒေါ်လာအထိ စံချိန်တင် မြှင့်တက်နေပြီး ပြည်တွင်းရွှေစျေးကွက်အတွင်းမှာမူ ဝယ်လိုအားထက် ရောင်းလိုအားပိုများနေသောကြောင့် ပြည်တွင်းရွှေစျေး တက်သင့်သလောက် မတက်နိုင်ကြောင်း ဦးအုန်းမြိုင်က ဆက်ပြောသည်။

 

"ကမ္ဘာ့ရွှေဈေး မြင့်တက်နေတော့ ပြည်တွင်းရွှေစျေးက တက်စရာတော့ရှိတယ်၊ သို့သော်လည်းဘဲ ဒီအချိန် ပြည်တွင်းမှာ ဝယ်လိုအားထက် ရောင်းလိုအားက များနေတယ်၊ ဝယ်လိုအားထက် ရောင်းလိုအားက များနေတဲ့အတွက်ကြောင့် ရွှေစျေးက တက်သင့်ပေမယ့် မတက်နိုင်ဘူး ဖြစ်နေတယ်"ဟု ၎င်းက ထပ်မံပြောကြားသည်။

 

ထိုသို့ ကမ္ဘာ့ရွှေဈေးမြှင့်တက်နေသော်လည်း ပြည်တွင်းရွှေစျေး လိုက်ပါမမြှင့်တက်နိုင်ခြင်းမှာ COVID-19 ကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာ အဆက်အသွယ် ပြတ်တောက်နေခြင်းအပါအဝင် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းသည်လည်း ကျဆင်းနေကြောင်း  ဦးအုန်းမြိုင်က ဆက်ပြောသည်။

 

လက်ရှိ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းမှာလည်း ကျပ် ၁၄၀၀ အောက်သို့ ကျဆင်းလျက်ရှိသည်။

 

ထို့ပြင် ပြည်တွင်းရွှေစျေးကွက်အတွင်း ရွှေဆိုင်အများစု ပြန်ဖွင့်နေပြီဖြစ်သော်လည်း ကျောင်းဖွင့်ရာသီရောက်ခြင်း၊ လယ်ယာလုပ်ငန်းခွင်ဆင်းသည့် အချိန်ဖြစ်ခြင်းတို့ကြောင့် ရွှေအဝယ်ထက် အရောင်းသာများနေကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင်မူ ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃၀၀၀၀၀ ကျော်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့ချိန်တွင်မူ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၅၀ ကျော်အထိသာ ရှိခဲ့သည်။

 

ပြီးခဲ့သည့် ​​လေးလက ရွှေဈေးကို ပြန်ကြည့်မည်ဆိုလျှင် ဖေဖော်ဝါရီတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၁၄၁၀၀ (ဖေဖော်ဝါရီ ၅ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၃၄၂၀၀ (ဖေဖော်ဝါရီ  ၂၈ ရက်)၊ မတ်တွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၁၄၈၀၀၀ (မတ် ၃၁ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၁၈၆၀၀ (မတ် ၄ ရက်)၊ ဧပြီတွင်မူ COVID- 19 ကြောင့် ပြည်တွင်းရွှေဈေးကွက် ပိတ်ထားပြီး မေ ၁၈ ရက်တွင် ရွှေဈေးကွက်ပြန်ဖွင့်ကာ ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၁၄၁၀၀ (မေ ၂၇ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၃၆၀၀၀ (မေ ၁၈ ရက်)တို့ ဖြစ်ကြောင်း ရွှေရောင်း၀ယ်သူများထံမှ သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာမူ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်အဖြစ် တစ်ဆင့်ပြီးတစ်ဆင့် ​မြှင့်တက်ခဲ့ရာ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ  ဖေဖော်ဝါရီ ၂၁ ရက်အတွင်း ကျပ် ၁၀၀၀၀၀၀ ကျော်၊ ဇွန် ၂၂ ရက်မှ သြဂုတ် ၅ ရက်အတွင်း ၁၁၀၀၀၀၀ ကျော်၊ သြဂုတ် ၇ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ၁၂၀၀၀၀၀ ကျော်အထိ စံချိန်သစ်များ အသီးသီး ဖြစ်ပေါ်ခဲ့ပြီး  စက်တင်ဘာ ၅ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ကျပ် ၁၃၀၀၀၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သဖြင့် သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့သည်။

 

ငြိမ်းငြိမ်း